မွတ်စလင် ၁၀၄ ဦးထဲမှာ ရခိုင်မှာ နေထိုင်ခဲ့သူ ၉၂ ဦး ပါဝင်
2018.06.13
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေကို ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁ဝ ရက်နေ့ညက စက်လှေပျက်ပြီး ရောက်ရှိလာသည့် မွတ်စလင် တစ်ရာကျော်ကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေကို စက်လှေပျက်ပြီး ရောက်ရှိလာတဲ့ မွတ်စလင် ၁၀၄ ဦး ထဲမှာ ၉၂ ဦး ဟာ ဘူးသီးတောင်-မောင်တောဒေသမှာ နေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ကျန်တဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေကို သူတို့ရဲ့ နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
"အဲဒါက နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်တယ်၊ လူဝန်မှုကြီးကြပ်ရေးကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပေးပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးကနေဆက်သွယ်ပြီးတော့ ဆွေးနွေးတဲ့အခါကျတော့ သူတို့ကိုကျကျနနစီစဉ်ပြီးတော့ ပြန်ပို့ရမယ်"
ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမက ကျောင်းသူ၊ ကျောင်းသားတွေကို အသက်ကယ်အင်္ကျီတွေ ပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို သတင်းသမားတွေက မေးမြန်းရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မွတ်စလင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၁၀၄ ဦး လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ မလေးရှားနိုင်ငံကို ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး ပင်လယ်ပြင်မှာ လှိုင်းလေကြီးတဲ့အတွက် စက်လှေပျက်ပြီး ဇွန်လ ၁၁ ရက်နေ့က ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
အဲဒီအထဲက မြန်မာနိုင်ငံဘက်ခြမ်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားရှိသူတွေကို သူတို့ရဲ့ဆန္ဒအပေါ် မူတည်ပြီး အစိုးရက စီစဉ်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီ လှေစီးဒုက္ခသည်တွေကို မောင်တောမြို့နယ်မြောက်ပိုင်း ငါးခူရ လက်ခံရေးစခန်းကို ပို့ဆောင်ထားပြီး မြန်မာအစိုးရက စိစစ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။









