ဦးမြအေး ထောင် ၂ နှစ် ချမှတ်ခံရ

2022.03.10
ဦးမြအေး ထောင် ၂ နှစ် ချမှတ်ခံရ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ကို တွေ့ရစဥ်
Photo: RFA
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးဟာ အင်းစိန်ထောင် အထူး တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ မတ်လ ၁၀ ရက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ဦးမြအေးရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်တဉ္ဇာဦးက RFA ကို ပြောပါတယ်။
 
ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားခွင့်ရခဲ့တယ်လို့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ပြောပါတယ်။
 
"ပုဒ်မ ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အပြည့် အမိန့်ချလိုက်ပါတယ်။ ချုပ်ရက် ခံစားခွင့်လည်း ပေးပါတယ်။ ဦးမြအေးက အယူခံ လုံးဝ မဝင်ဘူးလို့လည်း ပြောပါတယ်။ အခုခေတ်ကာလနဲ့ ပတ်သက်ပြီး ပြောလိုက်တာကတော့ မီးတွေ အမြန်ဆုံးလာပြီးတော့ အေးချမ်းတဲ့ဘဝလေးတွေ ပြည်သူတွေကို ရစေချင်ပါတယ်တဲ့။ နောက်တစ်ခုက ကျွန်တော့်ရဲ့ ၅၆ နှစ်မြောက် မွေးနေ့ အမှတ်တရက ထောင်ဒဏ် ၂ နှစ်ပါတဲ့။ အဲလို သတင်းစကားပါးလိုက်တယ်"
 
ဦးမြအေးဟာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံထားရ တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စွဲချက်တင်ခံခဲ့ရပြီးနောက် ဒီနေ့ အမိန့်ချ ခံရတာလည်း ဖြစ်ပါတယ်။
 
ဒီနေ့ အမိန့်ချမှတ်ခံရပြီးနောက် သူဟာ တိုင်းပြည်အတွက် အလုပ်လုပ်လာကြောင်း၊ ပြည်သူ လူထုဆန္ဒကို ဦးထိပ်ထားကြောင်း၊ တိုင်းပြည်ကောင်းစေချင်လို့ အလုပ်လုပ်တာဖြစ်ကြောင်း၊ နိုင်ငံရေးသမားတစ်ယောက် အတွက် ကြမ်းတမ်းတဲ့လမ်းတွေလျှောက်ရတာ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ကြောင်း၊ ဘယ်လိုပဲစီရင်စီရင် ခံယူချက်၊ ရပ်တည်ချက် ယိမ်းယိုင်နေမှာ မဟုတ်ကြောင်း၊ မြန်မာပြည်ငြိမ်းချမ်းမှု ဒီမိုကရေစီရှင်သန်ဖို့၊ ပြည်သူ့ဘဝအမောတွေကြားထဲက လွတ်မြောက်ဖို့ ၈၈ အားလုံးရဲ့ တာဝန်ဖြစ်ကြောင်း၊ ဒါကြောင့် အမိန့်ချတာဟာ မွေးနေ့လည်းဖြစ်တဲ့အတွက် မွေးနေ့လက်ဆောင်လို့ပဲ သဘောထားကြောင်း စတဲ့ အချက် ခုနစ်ချက်ပါတဲ့ သတင်းစကားကို ပါးခဲ့တယ်လို့ ဦးမြအေးရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
 
သူဟာ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံကို ရေးသားပေးပို့တဲ့ အီးမေးလ်တစ်စောင်နဲ့ ပတ်သက်လို့ လူမျိုးအချင်းချင်းကို ဖြစ်စေ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဖြစ်စေ တစ်ဖက်နဲ့ တစ်ဖက် ပြစ်မှုကျူး လွန်အောင် လှုံ့ဆော်ရာရောက်တယ် ဆိုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းသူက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ တရားစွဲဆိုခဲ့တာပါ။
 
ဒီအမှုအတွက် သူ့မှာ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ဦးမြအေးကိုယ်တိုင် ထွက်ဆိုချေပခဲ့ပါတယ်။
 
ဦးမြအေးဟာ ကျန်းမာရေးလည်း မကောင်းသလို နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ ခြေထောက်ရောဂါပိုးဝင်ပြီး ဖြစ်နေတဲ့ရောဂါကြောင့် အပြင်ဆေးရုံတွေအထိပါ ထွက်ပြီး ဆေးကုသမှု ခံယူနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။
 
ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံရမယ်လို့ ပြဋ္ဌာန်း ထားတဲ့အတွက် အခု အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
 
၁၉၈၈ ပြည်သူ့အရေးတော်ပုံအပြီးမှာ ဦးမြအေးဟာ အကြိမ်ကြိမ်ထောင်ချခံခဲ့ရပြီး နောက်ဆုံးမှာ ထောင်ဒဏ် ၆၅ နှစ် ၆ လ အပြစ်ပေးခံရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ထောင်က ပြန်လွတ်လာ ပြီးနောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။