ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ ကျင်းပ

မြန်မာကဗျာဆရာများ၊ ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ကဗျာဆရာသမဂ္ဂတို့ ဦးစီးကျင်းပတဲ့ “ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ” ကို ရန်ကုန်မြို့ အမှတ် ၅၈/၆၀ ၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ House of Media & Entertainment ရုံးခန်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။

2012.07.01
poem-88-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်က “ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ” ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ စကားပြောနေစဉ်။
Photo:Popular Myanmar News Journal

မြန်မာ လူမှုရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်တတ်မှု ထွန်းကားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီပွဲကို ဦးစီးကျင်းပသူ တစ်ဦးဖြစ်တဲ့ ကဗျာဆရာ ဘုန်းသက်ပိုင်က RFA ကိုပြောပါတယ်။

"ရည်ရွယ်ချက်က ဒီမှာက ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်အောင်ပေါ့လေ။ ရှေ့တန်းက လုပ်ဆောင်နေတဲ့ သူတွေရှိတယ်။ ပြီးတော့ ပွင့်လင်း လူ့အဖွဲ့အစည်းကို မြတ်နိုးတဲ့ ကဗျာဆရာတွေရှိတယ်။ အဲဒီ အင်အားစု နှစ်စုကြားမှာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်ချက်လေးတစ်ခု ပေါ်ထွန်းလာဖို့ အဓိက ရည်ရွယ်တာပါ။ နယ်တွေမှာလည်း သွားပြီး ကျွန်တော်တို့ လုပ်ဖို့ စဉ်းစားထားပါတယ်"

အဲဒီ အခမ်းအနားမှာ ကဗျာဆရာတွေ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ ကဗျာဆိုင်ရာ စာတမ်းများနဲ့ ကဗျာတချို့ကို ရွတ်ဖတ်ခဲ့ကြပြီး စာပေနယ်နဲ့ နိုင်ငံရေးနယ်က လူ ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အခမ်းအနားမျိုးကို နယ်က ကဗျာဆရာတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံအနှံ့ ဆက်လက်ကျင်းပသွားဖို့ စီစဉ်နေကြောင်းလည်း ကဗျာဆရာ ဘုန်းသက်ပိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။