မြန်မာ ၁၁၄ ယောက်ကို နေရပ်ပြန်ပို့မယ့် မလေးရှားဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့တွေကန့်ကွက်

မလေးရှားတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ အတင်းအကျပ်နေရပ်ပြန်ပို့တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုတာကို လျစ်လျူရှုလိုက်တာပဲလို့ Amnesty International Malaysia နဲ့ Asylum Access အဖွဲ့တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပို့ရန် မလေးရှားလေဆိပ်ဂိတ်မှ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်နေ့က ထွက်ခွာစဉ်။ Myanmar Embassy in Kuala Lumpur, Malaysia

မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၁၄ ယောက်ကို နေရပ်ပြန်ပို့ဖို့ ဆိုင်းငံ့ချက်ကို တရားရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့က ရုပ်သိမ်းလိုက်တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်လိုက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ကို ရုပ်သိမ်းပေးဖို့ မလေးရှားအစိုးရက ပြီးခဲ့တဲ့မေလက တရားရုံးထံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဘယ်တော့နေရပ်ပြန်ပို့မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

မလေးရှားတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ အတင်းအကျပ်နေရပ်ပြန်ပို့တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုတာကို လျစ်လျူရှုလိုက်တာပဲလို့ Amnesty International Malaysia နဲ့ Asylum Access အဖွဲ့တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အန္တရာယ်ရှိတဲ့အခြေအနေအောက်ကို ပြန်ပို့မယ့်ဆုံးဖြတ်ချက်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းပါတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီမြန်မာနိုင်ငံသား ၁၁၄ ယောက်ထဲမှာ ကလေးတွေနဲ့ ခိုလှုံခွင့်တောင်းထားသူတွေလို့ ယူဆရသူတွေလည်း ပါဝင်တယ်လို့ Amnesty International Malaysia ရဲ့ ညွှန်ကြားရေးမှူး Katrina Maliamauv က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပို့ရန် မလေးရှားလေဆိပ်ဂိတ်မှ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်နေ့က ထွက်ခွာစဉ်။ (Myanmar Embassy in Kuala Lumpur, Malaysia)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက မလေးရှားက မြန်မာနိုင်ငံသား ၁၀၈၆ ယောက်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ မလေးရှားနိုင်ငံဟာ မြန်မာတပ်မတော်သားတချို့အပါအဝင် မြန်မာနိုင်ငံသား နှစ်ထောင်ကျော်ကို မြန်မာပြည်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ အောက်တိုဘာလမှာ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလလယ်လောက်အတွင်း မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၅၀၀ လောက်ကို MAI လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မြန်မာသံရုံးနဲ့ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာရေတပ်အရာရှိဟောင်း ခြောက်ယောက်အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားအစိုးရက အောက်တိုဘာလထဲမှာ ပြန်ပို့ခဲ့တာပါ။

ဒီရေတပ်အရာရှိဟောင်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်ပြီး မလေးရှားက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို အတင်းအကျပ်နေရပ်ပြန်ပို့တာတွေ ရပ်ပြီး မြန်မာပြည် အခြေအနေမကောင်းမချင်း သက်ဆိုင်ရာနိုင်ငံအစိုးရတွေအနေနဲ့ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို တရားဝင် အသိအမှတ်ပြု နေထိုင်ခွင့်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org