မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာ ၁၅ဝ ဖမ်းဆီးခံရ


2016.07.19
malaysia-myanmar-620.JPG မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက်အရ ၂ဝ၁၃ စက်တင်ဘာ ၂ ရက်နေ့က ရဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ်
.
မလေးရှားနိုင်ငံမှာ ဒီတစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကပုန်း ၇ ရက် သားသမီးနာရေးကူညီမှုအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တရားဝင်အလုပ်လုပ်ခွင့်ရှိထားသူတွေကို ပြန်လွှတ်မှာဖြစ်ပြီး တရား မဝင်နေထိုင်သူတွေဟာ ထောင် သုံးလကနေ ၆ လအထိ ကျခံရနိုင်တယ်လို့ ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်း က ပြောပါတယ်။

"ပါမစ်ရှိတဲ့သူကို ရမန်ရက်အတွင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ရမန် ၁၄ ရက်အတွင်းမှာ၊ ပါမစ်မရှိတဲ့ သူကတော့ ဆက်လက်ဖမ်းဆီးမယ်၊ အဖမ်းခံရရင် ၃လ၊ ၆လ၊ တစ်နှစ်အတွင်းကြာမြင့်တယ်၊ ထောင်ချပြီးမှ စခန်းကိုပို့တယ်၊ စခန်းမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းတစ်ခါပြန်လျှောက်ရတယ်၊ မှတ်ပုံတင်၊ သန်းခေါင် စာရင်းနဲ့  မြန်မာနိုင်ငံကနေအသိအမှတ်ပြုပြီးမှ သံရုံးကိုပြန်ချပေးမှ ပြန်ပိုင်ခွင့်ရှိတယ်"

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်နေ့က ကွာလာလမ်ပူမြို့က မိုင်းကုန်တိုက်မှာ မြန်မာအလုပ်သမား ၆၀ ကျော်၊ မနေ့ညက ပီနမ်ခရိုင်က ဘီအမ်ပလာဇာမှာ မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရတာဖြစ်ပါတယ်။

မလေးရှားအစိုးရက ဇန်နဝါရီကနေ ဇွန်လအထိ တရားဝင်အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားခွင့် ပြုထား တာဖြစ်ပါတယ်။ အခုသတ်မှတ်ထားတဲ့ကာလ ကုန်ဆုံးသွားတဲ့အတွက် တရားမဝင် လုပ်ကိုင်နေသူတွေကို ဖမ်းဆီးတာဖြစ်ပါတယ်။

တရားဝင်အလုပ်လုပ်ခွင့်လျှောက်ထားမယ်ဆိုရင် မလေးရှားငွေ ရင်းဂစ် ၆ ထောင်လောက်(မြန်မာငွေ ကျပ် ၁၈ သိန်းကနေ သိန်း ၂၀ အထိ) ကုန်ကျတာဖြစ်ပြီး ပွဲစားတွေရဲ့ အလိမ်ခံရတာတွေရှိတာကြောင့် မြန်မာအလုပ် သမားတွေ ပါမစ်လျှောက်ထားဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ တရားဝင်သွားရောက်လုပ်ကိုင်သူ တစ်သန်းလောက်ရှိပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။