အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ်လွှဲပြောင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူ

2017-11-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဗဟိုအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် မှာကျင်းပစဉ်
မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဗဟိုအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် မှာကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

ARSA အကြမ်းဖက်သမားတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေ နဲ့ အမည်စာရင်းတွေကို ပေးအပ်ပြီး အမြန်ဆုံး စုံစမ်းဖော် ထုတ်လွှဲပြောင်းပေးဖို့ မြန်မာဘက်က တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံကြောင်းနဲ့ အကြမ်းဖက် အဖွဲ့ အစည်းတွေ တိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်မှာဖြစ်ကြောင်း သဘောတူညီချက်ရရှိထားတယ်လို့ ဒီနေ့ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဗဟိုအဆင့်အစည်းအဝေးရဲ့ သဘောတူညီ ချက်တွေကို သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် မျိုးဆွေဝင်း က သဘောတူညီချက်တွေ ကို အခုလိုဖတ်ကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံဘက်မှ ARSA အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်၍ နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်များ ဖော်ထုတ်ဖမ်းဆီးပေးရမယ့် အကြမ်းဖက် တရားခံပြေးများ အမည်စာရင်းများကို ဓါတ်ပုံမှတ်တမ်းများနဲ့တကွ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က တာဝန်ရှိသူများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အမြန်ဆုံးစုံစမ်းဖော်ထုတ် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ၄င်းတို့နိုင်ငံအနေဖြင့် အကြမ်းဖက် သမားများနဲ့ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် မည်သည့်အကြေမ်းဖက်သမား တစ်ဦးတစ်ယောက်ကိုမှ လက်ခံထားမည် မဟုတ် ပါကြောင်း ARSA အကြမ်းဖက်အဖွဲ့အစည်းနဲ့ အကြမ်းဖက်သမားများအပြင် တခြားအမှုများမှ တရားခံပြေးများ ကိုလည်း စုံစမ်းဖော်ထုတ်၍ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူများထံ အကြောင်းပြန်ကြားခြင်း သတင်းအချက် အလက် ဖလှယ်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်"

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် တရားမ၀င်ဖြတ်ကျော်ဝင်ရောက်မှုတွေကို တားဆီးနှိမ်နင်းရေးအပြင် တရားခံပြေးတွေ ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုနဲ့ ကုန်ပစ္စည်တွေ တရားမ၀င် ကူးသန်းရောင်းဝယ်မှုတွေ တားဆီးရေး၊ စိတ်ကြွရူးသွပ် ဆေးပြား သယ်ဆောင်ရောင်းဝယ်မှုတွေကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးတွေကို လာမယ့် ဒီဇင်ဘာလ နောက်ဆုံးထားပြီး မြန်မာနိုင်ငံဘက်မှာ ဆိုရင် မောင်တောမှာဖွင့်လှစ်ကာ ဘင်္ဂလားဒေ့ရှ်ဘက်မှာဆိုရင် တက်ကနက်မှာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဖို့လည်း သဘောတူညီထားပါတယ်။

ဆိုက်တခုလုံးသို့