တရုတ် ကုန်စည်ပြပွဲ မြန်မာတွေ အရောင်းပါး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပနေတဲ့ ၂၄ ကြိမ်မြောက် နိုင်ငံတကာကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံ က ကုန်သည်တွေ အရောင်းအဝယ် မကောင်းကြဘူးလို့ သိရပါတယ်။

တရုတ်၊ တောင်အာရှနဲ့ အာဆီယံနိုင်ငံတွေ ပါဝင်ပြသနေတဲ့ ကူမင်း နိုင်ငံတကာကုန်စည်ပြပွဲမှာ မြန်မာကုန်သည် အများစုက ကျောက်မျက်ရတနာတွေရောင်းချပြီး သရက်သီး၊ ဆန်စပါး၊ ပရိဘောဂနဲ့ မစ်ကို ကော်ဖီမစ် စသဖြင့် ရောင်းချသူတွေလည်း အရင်နှစ်တွေကလိုပဲ ပါဝင်ပြသနေကြတယ်လို့ မြန်မာကုန်သည်တစ်ယောက် က ပြောပါတယ်။

ပြပွဲမှာ ၃ မီတာ ပတ်လည် ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းခ ဒေါ်လာတစ်ထောင် ပေးရပြီး အစားအသောက်၊ ဟိုတယ်၊ ခရီးစားရိတ်နဲ့ တခြားအထွေထွေကုန်ကျစားရိတ်တွေကို ပေါင်းလိုက်ရင် အရှုံးပေါ်သူတွေရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဆိုင်ခန်း ၄ဝ လောက် ပါဝင်ပြသနေကြတယ်လို့ ကျောက်ကုန်သည်တစ်ယောက် က ပြောပါတယ်။

"မရောင်းရဘူး ငုတ်တုတ်လေး ထိုင်နေတာ အိပ်ငိုက်နေတာ လူကတော့ ရှိပါတယ်၊ ကြည့်မေး ဓါတ်ပုံရိုက် ပြန် ဒါပဲလေ မရောင်းရဘူး၊ ကိုမောင် ဆို ဈေးဦးတောင် မပေါက်ဘူး၊ ကျနော်တောင် ဈေး ဦးပေါက်သေးတယ်၊ အရင်လူတွေပါပဲ အသစ်တွေက တစ်ယောက်စ နှစ်ယောက်စတော့ပါမှာပေါ့၊ မဲနှိုက်ပြီး ပေါက်တဲ့လူလာရတယ် ဆိုတော့လေ ဘာမှမပြောင်းလဲပါဘူး အရင်အတိုင်းပါပဲ၊ မြင်နေကြ လူတွေ မြင်နေကြဆိုင်တွေပါပဲ ကျောက်ဆိုင် အဓိကပါပဲ"

တရုတ်နဲ့ တခြား အာရှနိုင်ငံတွေကတော့ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးစက်ကရိယာ အမျိုးမျိုး၊ သစ်နဲ့လုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ပြသနေကြပါတယ်။

ကုန်ပစ္စည်းတွေကို ပြပွဲမှာ ပြသရောင်းချတဲ့အပြင် ပြင်ပမှာ ကုမ္ပဏီအချင်းချင်း ညှိနှိုင်းရောင်းဝယ် စာချုပ်ကြ တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကူမင်း နိုင်ငံတကာ ကုန်စည်ပြပွဲကို ဇွန်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပါတယ်။