မြန်မာနိုင်ငံကို ဖြတ်ပြီး ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက် လည်ပတ်ခဲ့တာ ဇူလိုင်လ ၂၈ ရက်နေ့က ၁၀ တင်းတင်း ပြည့်သွားပြီဖြစ်ပြီး သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာခန့် ပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times သတင်းက ဇူလိုင် ၂၇ ရက်နေ့က ရေးပါတယ်။
ဒီသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းကနေ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးခဲ့ကြောင်း စီမံကိန်းတာဝန်ရှိသူကပြောတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ဓာတ်အားပေးစက်ရုံတွေနဲ့ စက်မှုကုမ္ပဏီတွေကို သဘာဝဓာတ်ငွေ့တွေ ပေးခဲ့တာကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးခဲ့တယ်လို့ တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီကြီး China National Petroleum Corp (CNPC) က ပြောတယ်လို့လည်း Global Times က ဆိုပါတယ်။
သဘာဝဓာတ်ငွေ့တွေပေးခဲ့လို့ စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်လာတယ်လို့ တရုတ်အစိုးရက ပြောနေပေမဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစတင်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာတောင် လျှပ်စစ်မီးပုံမှန်မရလို့ အခက်အခဲတွေ ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတွေမှာ ဒေသခံတွေနဲ့ မြေယာပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) ထဲမှာပါတဲ့ အဲဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဆယ်နှစ်မြောက် နှစ်ပတ်လည်ဖြစ်လာတာဟာ တရုတ်- မြန်မာနှစ်နိုင်ငံကြား "ပေါက်ဖော်" ချစ်ကြည်ရင်းနှီးမှုကို ပြသနေတာလို့လည်း Global Times သတင်းက ရေးပါတယ်။
အဲဒီစီမံကိန်းကို South-East Asia Crude Oil Pipeline Co နဲ့ South-East Asia Gas Pipeline Co ကုမ္ပဏီနှစ်ခုက လုပ်ကိုင်နေတာဖြစ်ပြီး CNPC က အစုရှယ်ယာ ၅၀.၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားတာပါ။
ဒီအစုရှယ်ယာတွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရင်းနှီးမှုရဲ့ မူလရင်းနှီးမြုပ်နှံမှု တန်ဖိုးထက် ၁ ဆခွဲကျော်ဖြစ်တဲ့ ၁၆၅ ရာခိုင်နှုန်းအထိ အကျိုးအမြတ်ရရှိခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမှာ ဖော်ပြထားပါတယ်။