ြမန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ Myanmar Coast Guard ဖွဲ့စည်းသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့က နေပြည်တော်က ဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့အစည်းအဝေးမှာ ဝန်ကြီးက မှောင်ခို လုပ်ငန်းတွေ၊ လူကုန်ကူးတာတွေ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာတွေအပြင် တရားမဝင် ငါးဖမ်း တာတွေကို ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့အတွက် ဖွဲ့စည်းမှာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မိုင် ၁၃၀၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတန်းနဲ့ ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
ကမ်းလွန်တူးဖော်ရေးလုပ်ငန်းတွေ၊ တိုးချဲ့တည်ဆောက်လာတဲ့ ရေနက်ဆိပ်ကမ်းတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။
