မြန်မာပြည်ဆိုင်ရာ မူဝါဒကိုပြင်ဆင်ဖို့ ကန် အမတ်တွေတောင်းဆို


2014.07.09

အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရကို အလျှော့ပေးလိုက်လျောနေတာတွေ အဆုံးသတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

မနေ့ကပြုလုပ်တဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ လွှတ်တော်အမတ်တွေက မြန်မာအစိုးရအပေါ် စိတ်ပျက်နေကြကြောင်း အထင်အရှားပြသခဲ့ကြသလို အိုဘားမားအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကိုလည်း တိုးမြှင့်ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

ရီပတ်ပလစ်ကန်အမတ်တစ်ဦးဖြစ်တဲ့ အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Mr. Ed Royce က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဟာ နှိပ်စက်ညှင်းပမ်းရေးစခန်းတွေအလား ဖြစ်နေကြောင်း ပြောဆို ခဲ့သလို၊ မြန်မာနိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်တဲ့လက္ခဏာတွေပေါ်ပေါက်နေပြီလားလို့ ဒီမိုကရက်အမတ်တစ်ဦး ကလည်းမေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီကြားနာပွဲမှာ ဝါရှင်တန်ဒီစီမြို့အခြေစိုက် United To End Genocide ခေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဆုံးသတ်ရေး အဖွဲ့ ဥက္ကဌ သောမတ်စ် အန်ဒရူးစ် Thomas Andrews က၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ၊ မွတ်စလင်တွေ ဖိနှိပ် သတ်ဖြတ် ခံနေရတာနဲ့ပတ်သက်လို့ ထွက်ဆိုခဲ့ပြီး ဒီဖြစ်ရပ်တွေအတွက် ပြစ်တင်ရှှုံ့ချဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ပြီး သူက မြန်မာနိုင်ငံမှာ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေ ပြန်လည်ဆောင်ရွက်ခွင့်ရရေးနဲ့ ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိရေးအပါအဝင် လက်ရှိအရေးတကြီးလိုအပ်တဲ့ပြဿနာတွေကို မြန်မာ အစိုးရကလိုက်လျောဆောင်ရွက်တဲ့အထိ သံတမန်နဲ့ စစ်ရေးဆက်ဆံမှုတွေ ကုန်သွယ်အခွင့်အရေးပေးမှုတွေကို ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက စဉ်ဆက်မပြတ် ပြင်းပြင်းထန်ထန်ဖိအားပေးခဲ့အတွက် မြန်မာနိုင်ငံမှာ ပြောင်းလဲ မှှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ကြောင်း၊ ရိုဟင်ဂျာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဖိနှိပ်ချေမှှုန်းမှှုတွေ ပပျောက်ရေး အတွက် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို အမြန်ဆုံးပြောင်းလဲပြီး ဖိအားပေးဖို့လိုနေပြီဖြစ်ကြောင်း စသဖြင့်လည်း Mr. Andrews က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။