မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးလ Myanmar Cybersecurity Month အဖြစ် ဒီနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက် နည်းးပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာသတင်းအချက်အလက် လုံခြုံရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာ US ICT တို့က ဦးဆောင်ကျင်းပ တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့က ကူညီထောက်ပံ့ပေးထားတာပါ။ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေအတွက် အချက်အလက်လုံခြုံမှုရှိစေဖို့ ကာကွယ်တာလို့ ဒီနေ့ အခမ်းအနားမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလှုပ်ရှားမှုကနေ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို ဆိုက်ဘာလုံခြုံရေးအတွက် အသိပညာပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
MiSA လို့ခေါ်တဲ့ မြန်မာသတင်းအချက်အလက် လုံခြုံရေးအဖွဲ့အစည်း အတွင်းရေးမှူး ဦးမိုက်ဖုန်းမြင့် က "လူမှု ကွန်ရက်မှာ လွှမ်းမိုးမှုရှိတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ လူမှုကွန်ရက်အကောင့်တွေ၊ အစိုးရဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ပြီး အချက်အလက် ခိုးယူတဲ့ကိစ္စတွေ၊ ဆိုက်ဘာပြစ်မှုတွေဟာ မြန်မာနိုင်ငံမှာ တိုးပွားလာနေတယ်" လို့ ပြောပါတယ်။ MiSA ဟာ ဆိုက်ဘာလုံခြုံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဖို့ ဒီနှစ်အစောပိုင်းတုန်းက နည်းပညာကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီလိုလှုပ်ရှားမှုမှာ #CyberReadyMyanmar နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာပြည်သူတွေအတွက် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပေးတဲ့ ဓလေ့တစ်ခု ဖော်ဆောင်ပေးဖို့၊ အွန်လိုင်းကို ဘေးကင်းစွာ အသုံးပြုနိုင်ရေး အသိပညာပေးဖို့ အပြင် အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ NGOs အဖွဲ့အစည်းတွေကို သူတို့ရဲ့ အချက်အလက်တွေ၊ ကွန်ရက်တွေနဲ့ စနစ်တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်အောင် လမ်းညွှန်ချက်တွေ၊ ပစ္စည်းကိရိယာ ထောက်ပံ့ တာတွေနဲ့ သင်ကြားပြသပေးနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
ဒီအောက်တိုဘာလဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးရေး လှုပ်ရှားမှုတွေ ကျင်းပနေ ချိန်ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာ ဆိုက်ဘာလုံခြုံရေးနေ့၊ ဆိုက်ဘာလုံခြုံရေး ရက်သတ္တပတ် စသဖြင့် ကျင်းပလေ့ ရှိပေမယ့် မြန်မာနိုင်ငံကတော့ အမေရိကန်၊ ကနေဒါ၊ ဂါနာနဲ့ အခြားဥရောပ နိုင်ငံတွေနည်းတူ ဆိုက်ဘာလုံခြုံရေး လှုပ်ရှားမှုကို တစ်လကြာဆင်နွဲှတဲ့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲက ပထမဦးဆုံးသော နိုင်ငံလည်းဖြစ် ပါတယ်။
(RFA သတင်းထောက် ကိုနေမျိုးထွန်း ပေးပို့သည်)
