သြဂုတ်လ ၈ ရက်နေ့ ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆို


2016.08.08
minkonaing-8888-620.jpg ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ သြဂုတ်လ ၈ ရက်နေ့ကျင်းပတဲ့ ၂၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားမှာ ကိုမင်းကိုနိုင် ပြောကြားနေစဉ်
Photo : Thiha Tun/RFA

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားတဲ့နေ့ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ကို "မြန်မာနိုင်ငံ ဒီမိုကရေစီနေ့" အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်မြောက် အခမ်းအနားမှာ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား ကို နောင်နှစ်တွေမှာ ပြည်သူလူထုတစ်ရပ်လုံး တန်ဖိုးထား ပါဝင်လာအောင် ဒီထက်မက ကြီးကျယ်ခမ်းနားစွာ ကျင်းပသင့်တယ်လို့ ပြောပါတယ်။

"နောက်နောင်နှစ်များမှာ တစ်တိုင်းပြည်လုံးက ပြည်သူတွေ ဒီ့ထက်မက ရှစ်လေးလုံး ဆိုတဲ့ အထွဋ်အမြတ်နေ့ကြီး ကို တန်ဖိုးလည်းသိအောင် မမီလိုက်တဲ့သူတွေလည်း ကိုယ်စီကိုယ်ငှ သိရှိခွင့်ရအောင် ဒီ့ထက်မက ကြီးကျယ် ခမ်းနားစွာနဲ့ မြို့ကြီးတစ်ခုလုံး ခြိမ့်ခြိမ့်သဲသဲပြန်တင်ဆက်တာမျိုး အမှတ်တရနဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ ကျဆုံးခဲ့တဲ့သူရဲခေါင်းတွေရဲ့ ပေးဆပ်မှုများကို ကျနော်တို့အလးပြုချင်ပါတယ်"

၂ဝ၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်တွေနဲ့ အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင် စု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးနဲ့ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ၂၈ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား ကျင်းပရေးကော်မတီက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဘဝနဲ့ အသက်တွေ စွန့်လွှတ်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ၊ ရဟန်း ပြည်သူတွေရဲ့ ကျေးဇူးကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဦးတည်နိုင်ခဲ့တာလို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက လက်ရှိအချိန်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် အကောင်းဆုံး ကြိုးစားရမယ့်အချိန်ဖြစ်ပြီး  အစိုးရတစ်ရပ်တည်းနဲ့ တာဝန်ယူနိုင်မှာမဟုတ်တဲ့အတွက် တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထူတစ်ရပ်လုံးက ပါဝင်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ထိလွယ်ရှလွယ်ဖြစ် တာကြောင့် အသေအချာ ဂရုပြုကိုင်တွယ်ဖို့ လိုအပ်ကြောင်း၊ အမှားအယွင်း တစ်ခုခုဖြစ်သွားခဲ့ရင် နောင်မျိုး ဆက်တွေအတွက် ကံကြမ္မာကောင်းနိုင်မှာ မဟုတ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၊ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေး အင်အားစု၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားအစည်းအရုံး စတဲ့အဖွဲ့တွေက ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အလားတူ အခမ်းအနားတွေကို မော်လမြိုင်၊ လွိုင်ကော်နဲ့ မန္တလေးမြို့တို့မှာလည်း ကျင်းပခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ လွိုင်ကော်နဲ့ စစ်တွေမြို့တွေမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ၂၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း က စုစည်းတင်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ၂၈ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ မုဒုံမြို့တို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွေကို အဲ့ဒီအချိန်တုန်းက သပိတ်မှာပါဝင်ခဲ့ကြသူတွေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းအပြီး တောခိုခဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။