ရန်ကုန်မြို့မှာ မနေ့ညတုန်းက ပြင်းအားရစ်ချ်တာစကေး ၄.၈ အဆင့်နဲ့ လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ဆက်စပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့ည ၉ နာရီခွဲလောက်က လှုတ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ ရန်ကုန်မြို့ ပင်လယ်ဝအနီးမှာ ဗဟိုပြုခဲ့တာလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။
"မနေ့ညတုန်းက လှုပ်ခဲ့တဲ့ မြေငလျင်က ကမ္ဘာအေးမြေငလျင် စခန်းကနေပြီးတော့ အရှေ့တောင်ဘက် ၄၁ မိုင်ခန့်အကွာပေါ့၊ အဓိကကတော့ ရန်ကုန်မြစ်ဝက ပင်လယ်ပြင်ကို ဗဟိုပြုပြီးတော့မှ လှုပ်ခတ်ခဲ့ပါတယ်၊ ပြင်းအား ကတော့ ရစ်ချ်တာစကေး ၄.၈ အဆင့်ရှိပါတယ်"
ငလျင်လှုတ်မှာကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပြင်းအားဘယ်လောက်နဲ့ လှုတ်မယ်လို့ ကြိုတင်ခန့်မှန်းလို့ မရပေမယ့် စစ်ကိုင်းပြတ်ရွှေ့ကြောဟာ အချိန်မရွေးငလျင်တွေ လှုတ်ခတ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။
ဒါကြောင့် တိုက်တာအဆောက်အဦးတွေ ဆောက်လုပ်ရာမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေဖြစ်ဖို့ လိုအပ်ကြောင်း၊ ငလျင်လှုတ်ရင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ ကြိုတင်လေ့ကျင့်မှုတွေကို လုပ်ဆောင်ထား သင့်ကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မြန်မာ-အိန္ဒိယနယ်စပ်မှာ မြေငလျင်လှုတ်ခဲ့တဲ့အတွက် ရန်ကုန်မြို့အထိ ငလျင်ဒဏ်သက်ရောက်မှုကို သိရှိခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
