မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိတယ်လို့ UPI သတင်းက ဖေါ်ပြပါတယ်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအတွက် မြန်မာနဲ့အတူ ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ စင်္ကာပူတို့ သဘောတူညီခဲ့ကြပါတယ်။ ဓါတ်အားပမာဏ မက်ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် အဲဒီစက်ရုံကို မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ Daimon Palace Services လီမိတက်တို့နဲ့အတူ အိန္ဒိယ Orange Powergen လီမိတက်၊ စင်္ကာပူ Global Adviser လီမိတက်တို့ ပူးပေါင်းတည်ဆောက်ကြမယ်လို့ သိရပါတယ်။
အလားတူ အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီဟာ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းရွာမှာ ကျေက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ဖို့စီစဉ်နေပြီး၊ ၁၀၁၉ ခုနှစ်မှာ အပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမရရှိသူလူဦးရေ ၇၀ ရာနှုန်းရှိပါတယ်။ အခုအခါ ကျောက်မီးသွေးထက်စာရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုနည်းတဲ့သဘာဝဓါတ်ငွေ့ အမြောက်အများ တွေ့ရှိနေပေမဲ့၊ ပြည်တွင်းမှာ မသုံးစွဲနိုင်သေးဘဲ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်နေပါတယ်။
ဒေသတွင်း စွမ်းအက်လုပ်ငန်းအကြံပေးတစ်ဦးဖြစ်သူ Collin Reynolds က မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့သိုက်တွေဟာ စိတ်မချရကြောင်း၊ စိတ်ချရတယ်ဆိုဦး၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိဖို့ အသည်းအသန်လိုအပ်နေလို့ အပြင်ကိုရောင်းနေရတာဖြစ်ကြောင်း ပြောဆိုပါတယ်။
