၂ဝ၁၅ ခုနှစ်အတွင်း မြန်မာ့ လွတ်လပ်မှုအခြေအနေ တိုးတက်


2016.01.27

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံသားလွတ်လပ်မှု အခြေအနေ တိုးတက်လာခဲ့ပြီး၊ အကျင့်ပျက်ခြစားမှု အခြေအနေ အနည်းငယ်ကျဆင်းသွားခဲ့တယ်လို့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြပါတယ်။

အမေရိကန်အခြစိုက် Freedom House အဖွဲ့ရဲ့ ၂ဝ၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံ ရဲ့ နိုင်ငံသား လွတ်လပ်မှုဟာ ၂ဝ၁၄ ခုနှစ်က အဆင့် ၆ ရှိခဲ့ရာက ၂ဝ၁၅ခုနှစ်မှာ အဆင့် ၅ ကို တက်လာခဲ့ပါတယ် ။ လက်ရှိအအနေအထားအရ ဆက်လက်တိုးတက်လာမယ်လို့ မျှော်လင့်ရကြောင်း ဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရခဲ့တဲ့ ရွေးကောက် ပွဲဟာ လွတ်လပ်မျှတမှုရှိပြီး၊ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ လွပ်လပ်မှု အခြေအနေတွေဟာ တက်ရိပ်ပြ လာနေတယ်လို့ Freedom House အစီရင်ခံစာပါ နိုင်ငံအလိုက်ဖေါ်ပြချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ Freedom House ရဲ့ လွတ်လပ်ခွင့်အပြည့်အဝရှိတဲ့ နိုင်ငံစာရင်းထဲမှာတော့ မပါဝင် သေးပါဘူး။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာ၊ သတင်း မီဒီယာသမားတွေအပေါ် ဖိနှိပ်မှုတွေရှိနေသေးတာ၊ ရိုဟင်ဂျာ အပါအဝင် မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေတာ၊ ပညာရေးမူဝါဒ ပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြကျောင်းသားတွေကို အင်အားသုံးဖြိုခွဲ တရားစွဲဆိုနေတာတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်တယ်လို့ Freedom House အစီရင်ခံစာ ကဖေါ်ပြပါတယ်။

အလားတူ ဂျာမဏီ အခြေစိုက် TI ခေါ် Transparency International ပွင့်လင်းမြင်သာမှုအဖွဲ့ကလည်း မြန်မာနိုင်ငံ ရဲ့ အကျင့်ပျက်ခြစားမှု အခြေအနေဟာ ၂ဝ၁၄ ခုနှစ်က အဆင့် ၁၅၆ ရှိခဲ့ရာက ၂ဝ၁၅ ခုနှစ်မှာ အဆင့် ၁၄၇ ဖြစ် လာခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါပေမယ့် TI စာရင်းပါ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေစာရင်းထဲမှာ မြန်မာရဲ့အောက်မှာ ကမ္ဘောဒီးယားနိုင်ငံသာ ရှိနေပါတယ်။

နိုင်ငံပေါင်း ၁၆၈ နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု အခြေအနေ အဆိုးဆုံးနိုင်ငံတွေအဖြစ် မြောက်ကိုရီးယား၊ ဆိုမာလီယာနဲ့ အာဖဂနစ္စတန် နိုင်ငံတို့ကို ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။