မြန်မာအစိုးရက ကျောင်းသားဆန္ဒပြပွဲ နှစ်ခုကို ဒီရက်ပိုင်းအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့တဲ့လုပ်ရပ်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပစ်တင်ဝေဖန်ရင်း အဖမ်းဆီးခံကျောင်းသားနဲ့ တခြားလူ့အခွင့်အရေး လှုပ်ရှားသူ ၁ဝဝ ကျော်ကို ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံတကာလူ့အခွင့်အရေးနဲ့အညီ လွတ်လပ်စွာဆန္ဒသဘောထား ထုတ်ဖေါ်ခဲ့ကြတဲ့ ကျောင်းသား ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ လက်ပံတန်းမှာ အခုလို အကြမ်းဖက်ဖြိုခွဲခဲ့မှုတွေနဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးဖို့နဲ့ လူ့အခွင့်အရေး ကန့်သတ်ချုပ်ချယ်တဲ့ ငြိမ်းစုစီ ဥပဒေကို ပြန်လည်ပြင်ဆင်ပြဌာန်းဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shandasani ရာဗီနာရှန်ဒါးဆာနီ က မြန်မာရဲတပ်ဖွဲ့ ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ အင်အားကို အလွန်အကျွံသုံးစွဲခဲ့တယ်လို့ မိမိတို့ သတင်းတွေရရှိထားကြောင်း လည်း ပြောပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ ဆန္ဒပြသူတွေကို တုံ့ပြန်ရာမှာအင်အားကို အလေးအနက်ချင့်ချိန်အသုံးပြုဖို့လိုအပ်တယ် လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
