ပြီးခဲ့တဲ့နှစ်ရက်အတွင်း ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၃၀ ကျော်ဟာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
မတ်လ ၁၃ ရက်နေ့က ကော်ဖီထုပ်တင်ဆောင်လာတဲ့ ကားနဲ့ ပါလာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၃ ဦးကို တာခ့်ခရိုင် မဲဆောက်မြို့နယ်ထဲက လုံခြုံရေးဂိတ်မှာ အဖမ်းခံခဲ့ရတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“သီးနှံတင်တဲ့ကားတွေနဲ့ ဟန်ဆောင်ပန်ဆောင်နဲ့ တရားမဝင် မြန်မာတွေကို ဘန်ကောက်ကို သယ်ဖို့ကြိုးစားတာ။ သူတို့မှာ ပိုက်ဆံလည်းပေးရ၊ အဖမ်းလည်းခံရ၊ ကြိုးတန်းလမ်းလျှောက် စွန့်စားတာတွေက တော်တော်များနေပြီ”
မတ်လ ၁၂ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ဦး တင်ဆောင်လာတဲ့ ဆယ်ဘီး ကားကို လန်းပန်းခရိုင်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် တခြားမြို့တွေကိုသွားဖို့ အလုပ်သမား တစ်ယောက်အတွက် လူပွဲစားကို ဘတ် သုံးသောင်းပေးခဲ့ရတယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၃ ဦးနဲ့ လူပွဲစား နှစ်ဦးတို့ကို မဲဆောက်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူသွားမယ်လို့ဆိုပါတယ်။
မတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပေါင်း ၉၄၀ ကျော်နဲ့ ထိုင်းလူမျိုး လူပွဲစား ၂၀ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ် လို့ ဦးမိုးကြိုး က ပြောပါတယ်။