မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ဒေါ်လာခြောက်သန်းနီးပါး ထောက်ပံ့မည်

2021-07-13
Share
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ဒေါ်လာခြောက်သန်းနီးပါး ထောက်ပံ့မည် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လိုရင်ယူ၊ ပိုရင်ယူ လှုပ်ရှားမှုကို မော်ဝမ်းရပ်ကွက်စျေးမှာ ၂၀၂၁၊ ဧပြီ ၁ ရက်နေ့က ပြုလုပ်စဉ်
File Photo/RFA

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး ထိခိုက်နစ်နာနေတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူတွေအတွက် ဂျပန်နိုင်ငံက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီတွေ ထောက်ပံ့သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အစားအသောက်နဲ့ နေ့စဉ်လိုအပ်ချက်တွေ ရှားပါးလာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ သိသိသာသာ ယိုယွင်းပျက်စီးခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်လည်း များပြားလာနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ပျက်နေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက ပြည်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅.၈ သန်း ထောက်ပံ့ဖို့ ဂျပန်အစိုးရက ဇူလိုင်လ ၁၃ ရက်မှာ ဆုံးဖြတ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

ဒီအရေးပေါ်ထောက်ပံ့ငွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးတွေကတဆင့် မြန်မာနိုင်ငံက ပြည်သူတွေဆီကို တိုက်ရိုက်ပေးပို့မှာ ဖြစ်ပြီး ဒီအကူအညီတွေဟာ လူတသိန်း သုံးသောင်း ခြောက်ထောင်နီးပါးကို ထောက်ပံ့မှာ ဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့