ထိုင်းရောက်မြန်မာတွေ NUG အစိုးရကို ဘတ်ငွေ နှစ်သန်း လှူဒါန်း

လုဆိုင်း(ထိုင်းနိုင်ငံ)
2021-05-07
Share

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)တို့ စုပေါင်းပြီး အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG) ကို ထိုင်းဘတ်ငွေ နှစ်သန်း လှူဒါန်းခဲ့ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို ထိုင်းဘတ်ငွေ ၁ သန်းနဲ့ NUG အစိုးရ အခြားဌာနဆိုင်ရာအသီးသီး ကို ဘတ်ငွေ ၁ သန်း စုစုပေါင်း ဘတ်ငွေ ၂ သန်း လှူဒါန်းခဲ့ပါတယ်လို့ AAC က အထွေထွေတာဝန်ခံနဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။

“ကျနော်တို့ NUG အစိုးရ ဖြစ်တည်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့ဘက်က ဘဏ္ဍာရေးဆိုင်ရာ ကော်မတီဆိုတာ ဆိုတာဖွဲ့တယ်။ အဲဒီအတွက် လိုအပ်ချက်တွေ ရှိလာတယ်ဆိုတော့ ကျတော်တို့အနေနဲ့ ထိုင်းရောက် အလုပ်သမားတွေအားနဲ့ စုပေါင်း လှူဒါန်းထားတာတွေ ရှိတယ်။ လိုအပ်တဲ့နေရာတွေမှာ လှူမယ်ဆိုပြီးတော့ စောင့်တယ်။ အဲတော့ အခုကျနော်တို့ အဓိက ကာကွယ်ရေးဝန်ကြီးဌာနပေါ့နော်။ ဘတ် တသန်းလှူတယ်။ ဌာန ၅ ခုကို ကျနော်တို့ ဘတ် ၁ သန်း ဆိုလိုတာက NUG အစိုးရကို ဘတ် ၂ သန်း လှူဒါန်းလိုက်တယ်ဗျ”

ခုလိုလှူဒါန်းနိုင်ဘို့ ထိုင်းနိုင်ငံမှာရှိတဲ့AAC အဖွဲ့ပေါင်း ၈၀နဲ့ ကော်မတီဘုတ်အဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပြီး လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သလို၊ စစ်အာဏာရှင် လက်အောက်ကနေ မလွတ်မချင်း ရတဲ့နည်းတဲ့ အားလုံးပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။

“ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် ဘက်ပေါင်းစုံကနေ ကော်မတီဖွဲ့စည်းပြီးတော့ ထိုင်းက ကျနော်တို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင်တယ်။ ပြီးတော့ ထိုင်းမှာရှိတဲ့ ကျနော်တို့ရဲ့ အမာခံ အဖွဲ့ပေါင်း ၈၀ ကျော်နဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ ကျနော်တို့ ရန်ပုံငွေတွေ ရလာတယ်။ ထိုင်းရောက် မြန်မာတွေ အားလုံး ပူးပေါင်းလှူဒါန်းမှုနဲ့ ကျနော်တို့ အရေးပါတဲ့နေရာ ပြန်ကြည့်လိုက်တော့ NUG အစိုးရက လက်ရှိလုပ်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်။ NUG အစိုးုရကို အခုလို လှူဒါန်းဖြစ်တာပါ။ နောက်ထပ်လည်း လှူမယ့်လူရှိရင် ကျနော်တို့က ဆက်လှူဒါန်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ ကျနော်တို့ အရေးပါတဲ့ ခြေလှမ်းကို စလှမ်းလိုက်တဲ့သဘော”

စစ်အာဏာရှင် တော်လှန်ရေးအတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား တဦးချင်း၊ အသင်းအဖွဲ့ချင်းကနေ ဘတ်ငွေ ၁ဝဝ ကနေ သောင်းဂဏန်း လှူဒါန်းပေးမှုတွေကို စုဆောင်းရရှိတာကို စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့နေရာတွေအတွက် ပြန်လည်လှူဒါန်းတာ ဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။

NUG အစိုးရအဖွဲ့က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကိုယ်တိုင်လက်မှတ်ရေးထားတဲ့ ကျေးဇူးတင်မှတ်တမ်းဂုဏ်ပြုလွာကိုလည်း AAC က လက်ခံရရှိခဲ့ပြီလို့ ဦးရဲမင်းက ပြောပါတယ်။ AAC အနေနဲ့ NUG အစိုးရကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စုပေါင်းပြီး စားနပ်ရိက္ခာတွေကိုလည်း ဆက်လက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်တဲ့ မမေ ကလည်း ... “ မမေတို့ကတော့ အခုလိုမျိုး မတရားအာဏာသိမ်းထားတာကို အမြန်ဆုံး ပါဝင်ချင်တယ်။ အနိုင်ယူချင်တယ်ပေါ့နော်။ တကယ်လုပ်ဆောင်ပေးနိုင်မယ့် အဖွဲ့အစည်းကမှတဆင့် NUG ကိုပေါ့နော် ပေးအပ် လှူဒါန်းတဲ့နေရာမှာ တတက်တအားနဲ့ ပါဝင်ချင်တဲ့အတွက်ကြောင့်မို့ AAC အဖွဲ့နဲ့ လက်တွဲပြီးတော့မှ နွေဦးတော်လှန်ရေးကို လစဉ် အလှူငွေတွေကောက်ခံပြီးတော့မှ ပေးပို့လှူဒါန်းတာပေါ့နော်။ စစ်အာဏာရှင်စနစ် ကျဆုံးစေချင်လို့ပေါ့နော်။ အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျမတို့အရေးတော်ပုံ အမြန်ဆုံး အောင်မြင်ဖို့အတွက် တဖက်တလမ်းကနေ ထောက်ပံ့ရတာကိုပဲ အများကြီး ဝမ်းသာပါတယ်”

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ AAC တွေ စုပေါင်းပြီး လှူဒါန်းမှုမှာ အခုတကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ AAC တို့ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကို ထိုင်းဘတ်ငွေ တစ်သန်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ကျော်)ကို ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က လှူဒါန်းခဲ့သလို၊ စားနပ်ရိက္ခာ ကားအစီးရေ ၇၀ ကျော်ကိုလည်း လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ရဲ့ ဘဏ္ဍာရေးကော်မရှင်ကို မေလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့