မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ အခွင့်အရေး အပြည့်ရဖို့ တောင်းဆို

ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့်လက်မှတ်နဲ့ သွားလာနေထိုင်မှုအခွင့်အရေး အပြည့်အ၀ ရရှိဖို့ဆိုပြီး မနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ချီတက်လမ်းလျှောက် တောင်းဆိုခဲ့ကြ ပြီး ချင်းမိုင်ခရိုင်ရုံးကို အချက် ၉ ချက်ပါတဲ့ တောင်းဆိုစာတွေ သွားရောက်ပေး ပို့ခဲ့ကြပါတယ်။

ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်က အလုပ်သမားအဖွဲ့အစည်း ၁၅ ဖွဲ့ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ် သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့ တောင်းဆိုခဲ့တာလို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ HRDF အဖွဲ့မှ မမွေဦး က အခုလို ပြောဆိုပါတယ်။

"လူကြီးတွေ အာဏာရှိတဲ့လူတွေ သက်ဆိုင်တဲ့ အစိုးရတွေ သိရအောင် ကျမတို့ရဲ့ ပြဿနာတွေ၊ နောက်ပြီး ဘာတွေ ဖြစ်စေချင်လဲ ဘာထပ်လိုသေးလဲ ဘာတွေ ပြုပြင်ပြောင်းလဲစေချင်တာတွေကို လာတောင်းဆိုတာပါ၊ ထိုင်းပေါ်လစီ ဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်ရှင့်၊ ဥပမာ ရွှေ့ပြောင်း အလုပ်သမားကတ်တွေ လုပ်တဲ့အကြောင်း နောက်ပြီး MOU တွေ ဘာတွေ လုပ်တဲ့အကြောင်းလဲ အဲ့ဒါတွေက ပွင့်လင်းမှုမရှိဘူး အလုပ်သမားတွေလည်း နားမလည်ဘူး ဘယ်လို လုပ်ရမလဲ နောက်ပြီး ဘယ်လောက်ကုန်ရမလဲလည်း အဲ့ဒါ တိကျတဲ့ အချက်အလက်လည်း မရှိ တိကျတဲ့ လုပ်ခလည်း မရှိဘူး ရှင့်"

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဒီဇင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ချင်းမိုင်မြို့က ချင်းမိုင်တက္ကသိုလ်မှာရှိတဲ့ UNISERV ခန်းမမှာ ကျင်းပခဲ့ပြီး မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းအလုပ်သမားတွေရဲ့ ခက်ခဲမှု ပြဿနာတွေကို ဆွေးနွေး အဖြေရှာတဲ့ နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ပါတယ်။

နှီးနှောဖလှယ်ပွဲမှာ အဓိက ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်း ဆောင် ရွက်ပေးဖို့ လိုအပ်ချက်တွေကို အခုလို တောင်းဆိုတာ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ WSA အဖွဲ့မှ အတိုင်ပင်ခံ တစ်ဦးဖြစ်တဲ့ နန်းထောင်းခမ်း က ပြောပါတယ်။

"အနည်းဆုံး လုပ်အားခလည်း အပြည့်အဝ မရသေးဘူး နောက်ပြီးတော့ နားရက် OT ခတွေ၊ ပြီးတော့ ဒီ လက်မှတ် ကိစ္စပေါ့နော် ဒီလက်မှတ်ကလည်း ဟိုပြောင်း ဒီပြောင်းနဲ့ သွားလာရေး ခရီး အခက်အခဲ ရှိတယ် ဒါကြောင့်မို့ အခု ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ် တစ်နေရာ က တစ်နေရာ သွားလုပ်မယ်ဆိုရင် တအားအခက်အခဲ ရှိတဲ့အတွက်ကြောင့်မို့ စုပေါင်းပြီးတော့ တောင်းဆိုတာပေါ့နော်"

တောင်းဆိုချက်တွေထဲမှာတော့ အလုပ်သမားလက်မှတ် မှတ်ပုံတင်မှုကို လုပ်ထုံလုပ်နည်း ရှင်းလင်းပြီး ကုန်ကျစရိတ်နည်းပါးအောင် ပြုလုပ်ပေးဖို့၊ အလုပ်သမား အားလုံးကို အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေနဲ့ ကာကွယ်မှုပေးဖို့၊ ထိုင်းနိုင်ငံရဲ့ ၂၅၅၁ ဥပဒေကို နိုင်ငံခြား အလုပ်သမား ဥပဒေ ၂၅၅၁ ကို ပြုပြင်ပြီး လုပ်ငန်းမျိုးစုံတွင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အသက် ၆၀ ထိ အလုပ်လုပ် ခွင့်ပေးဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ ကို လူမှုဖူလုံရေး အကျိုးခံစားခွင့် တပြေးညီ ခံစားခွင့်ပေးဖို့ ဆိုတဲ့အချက်တွေကို အဓိက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ မြန်မာသံရုံးတာဝန်ရှိသူတွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ အခက်အခဲ တွေကို ဝိုင်းဝန်းကူညီဖြေရှင်းဆောင်ရွက်ပေး ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကနေပြီး ချင်းမိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းမှာ လာရောက် အလုပ်လုပ် ကိုင် နေတဲ့ နန်းခမ်းတိန် ကတော့ သူကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

"အခု လောလောဆယ်တော့ ပတ်စပို့စ်က ပွဲစားတွေများလို့ရှင့်၊ ပတ်စပို့စ် လုပ်မယ်ဆို တစ်သောင်းကျော်လောက်ကုန်တယ်ရှင့်၊ အဲဒါကြောင့် လုပ်နေရလည်း အခက်အခဲရှိတယ်။ ဒီ ရွှေ့ပြောင်း ဒီထိုင်းမှာလာရောက်တာလည်း ပတ်စပို့စ်လုပ်ဖို့ ပိုက်ဆံလာရှာတာ မဟုတ်ဘူးနော်၊ အိမ်ကိုပို့ပေးဖို့ ပိုက်ဆံလာ ရှာတယ် အဲ့ဒါနဲ့ ဘတ်လုပ်တယ် ဒါပဲကုန်သွားတယ်ရှင့်၊ အဲ့ဒါကြောင့် ဒီ အခွင့်အရေး ကနေတောင်းပြီး ထိုင်းအစိုးရပေါ့နော် မှ တဆင့်ကို အဲ့ဒီ ပြဿနာတွေကို ဖြေရှင်းပေးဖို့လို့ တောင်းဆို တာရှင့်"

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကိုတော့ ချင်းမိုင်လက်ထောက်ခရိုင်မှူးက လက်ခံရယူ ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို အချိန်မရွေး လာရောက် တိုင်ကြားနိုင်ပြီး တတ်နိုင်သမျှ ကူညီဖြေရှင်းသွားမယ် ၊ လောလောဆယ် ထိုင်းနိုင်ငံမှာ အလုပ်သမား အရေးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေအတွက်သာ ဥပဒေရေးဆွဲပြီးသေးတာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရေးဆွဲနေ ဆဲ ဖြစ်တာကြောင့် ကိုင်တွယ်ရခက်ခဲနေ ဆဲဖြစ်တဲ့အတွက် ဥပဒေ ထွက်လာတဲ့အထိ စောင့်ဆိုင်းပေးကြ ဖို့ ပြောကြားသွားပါတယ်။