မြန်မာစစ်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ရကြောင်း KNU ထုတ်ပြန်

စောဖိုးခွား
2021.03.30
မြန်မာစစ်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ရကြောင်း KNU ထုတ်ပြန် တိုက်ပွဲကြားက ကရင်စစ်ဘေးဒုက္ခသည်များ
Photo - Thoolei News

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲကို ဒီကနေ့ မြန်မာစစ်တပ်ဘက်က လေယာဉ်အသုံးပြုပြီး ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်မှာရှိတဲ့ ထီးဖဒိုရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံရွာသား ၆ ဦး သေဆုံးခဲ့ရတယ်လို့ KNU ကပြောပါတယ်။

ဒါ့အပြင် ဖာပွန်လို့လည်းခေါ်တဲ့ မူတြော်ခရိုင်ထဲက KNU တပ်မဟာ ၅ ဒေသကိုလည်း ဒီကနေ့ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကိုသိရှိနိုင်ဖို့ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သားအချို့ သေဆုံးတာ ဒဏ်ရာရတာတွေရှိပြီး တစ်သောင်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မတ်လ ၂၇ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) သီးမူထာ အခြေစိုက်စခန်းကို KNU က သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်သား ၁၀ ဦး အဲ့ဒီတိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်း လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သလို၊ စစ်အာဏာဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကိုလည်း KNU နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။