ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွဲလို့ သေဆုံးသူ ခြောက်ဦးထပ်တိုး
2021.03.14
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနေ့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာကြောင့် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ခြောက်ဦးရှိပါတယ်။ သေဆုံးသူဟာ ဆိပ်မူကျေးရွာမှာ လာရောက်နေထိုင်တဲ့ အသက် ၃၀ အရွယ် ကျောက်ပွဲစားတစ်ယောက်ဖြစ်ကြောင်း ဖားကန့်အခြေစိုက် သတင်းထောက် ကိုဇော်မိုးထက်က ပြောပါတယ်။
မြစ်ကြီးနားမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး လိုက်လံဖြိုခွဲနေပါတယ်။ ဆန္ဒပြသူတွေကတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို ရှောင်ပြီးလမ်းလျှောက် ဆန္ဒပြနေပေမယ့် အဲဒီနေရာတွေမှာ လိုက်လံဖမ်းဆီးနေပါတယ်။ ဒါ့အပြင် ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ ညသပိတ်တွေ လုပ်နေတာကိုလည်း စစ်သားနဲ့ရဲတွေက လိုက်လံဖြိုခွင်း ဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့ အဖမ်းဆီးခံရသူ ရှိ၊ မရှိ ဆိုတာကို မသိရသေးပါဘူး။
လက်ရှိ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် အဖမ်းဆီးခံရသူ ၉၀ ဦး ဝန်းကျင် ရှိပါတယ်။
အဖမ်းခံရသူတွေကို မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုချိန်ထိ ဧည့်တွေ့ခွင့် မရသေးဘူးလို့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
လူထုကမြို့ပေါ်မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြနေချိန် မတ် ၁၁ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA နဲ့ စစ်တပ်ကြား ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ၊ တာမခံကျေးရွာအနီးနဲ့ မိုးကောင်းမြို့နယ်၊ နမ်ရှန်ကျေးရွာအနီးမှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မြစ်ကြီးနား၊ ဖားကန့်၊ နမ္မတီးမြို့နယ်တွေက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ KIO/ KIA ကို ထောက်ခံကြိုတဲ့ ဆိုင်ဘုတ်တွေကိုပါ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်၊ တနိုင်း၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအိုစတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲတွေ ရှိနေပါတယ်။
ပဲခူးမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် သေဆုံးသူ တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိခဲ့ပါတယ်။ သေဆုံးသူဟာ မကွေးတိုင်း၊ ပွင့်ဖြူမြို့က အသက် ၂၀ အရွယ် အမျိုးသားဖြစ်ကြောင်း ကူညီကယ်ဆယ်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ပဲခူးမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူ ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ဟားခါးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်တဲ့သူ ငါးဦးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး သူတို့ရဲ့ဓာတ်ပုံတွေကို ဟားခါးမြို့က လူအသွားအလာများတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက မတ် ၁၃ ရက်နေ့က လိုက်ကပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
“ ဓာတ်ပုံတွေနဲ့ မြို့ထဲမှာ လိုက်ကပ်ပြီး ဝရမ်းထုတ်ထားတာ၊ နိုင်ငံရေးသမား CNLD ပါတီ အတွင်းရေးမှူး၊ တစ်ယောက်ကတော့ မီးသတ်က CDM လုပ်တဲ့သူ၊ ပြီးတော့ နောက်သုံးယောက်က ဟားခါး CDM ကော်မ တီရဲ့ သပိတ်စစ်ကြောင်းမှာ သူတို့ဦးဆောင်တဲ့သူတွေပဲ”
ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း မတ် ၁၂ ရက်နေ့က ဆန္ဒပြပွဲ ဦးဆောင်သူ နှစ်ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖလမ်းမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ သုံးဦးကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး အမှုဖွင့်ထားတာကြောင့် တရားရင်ဆိုင်နေရပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်ပါတယ်။
ရန်ကုန်မြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲဖမ်းဆီးတာတွေ ရှိနေပေမယ့် ဆန္ဒပြသူတွေကတော့ မြို့နယ် အသီးသီးမှာ ဆက်ရှိနေပါတယ်။ လှိုင်သာသာမြို့နယ်မှာ ဆန္ဒပြသူတွေကို ဒီနေ့ နေ့လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာကြောင့် အနည်းဆုံး သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ ဆန္ဒပြသူတွေကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ တောင်ဥက္ကလာပမြို့နယ်က ဒေသခံတွေကလည်း ပဒေသာလမ်းဆုံအနီးမှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူတာတွေ ဆက်တိုက်ရှိနေပေမယ့် ဒေသခံတွေက ဒီနေ့လည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့ ဆန္ဒပြသူတွေဟာ ရပ်ကွက်၊ ကျေးရွာတွေအနှံ့မှာ လှည့်လည် ဆန္ဒပြခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ဆယ်နဲ့ချီရှိခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့မှာလည်း ဒေသခံတွေက စစ်အာဏာရှင်ကို ဒီနေ့မှာလည်း ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
သရက်မြို့မှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ စုလို့မရအောင် သပိတ်စုရပ်တွေမှာ ဒီနေ့ လိုက်လံပိတ်ဆို့ တားဆီးတွေလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ ထိပ်တိုက်မတွေ့ဘဲ ခြေလျင်ရော ဆိုင်ကယ်နဲ့ပါ မြို့တစ်ပတ် ရှောင်ကွင်းပြီး စစ်ကောင်စီကို ဆက်လက်ဆန္ဒပြခဲ့ပါတယ်။ နတ်မောက်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဝန်ထမ်းတွေ ပြည်သူတွေက မြို့တွင်းမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ်ကျောင်းသာတွေက အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်း ဒီနေ့မနက်က ထွက်ခဲ့ပါတယ်။ တခြားလူငယ်တွေကလည်း မြို့တွင်းမှာ ဆိုင်ကယ်နဲ့လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ပေါင်မြို့နယ်က စကောကရင်နဲ့ ပိုးကရင်တွေက အာဏာသိမ်း စစ်ကောင်စီ အလိုမရှိကြောင်း တောင်ရှေ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ဒီနေ့ထွက်ခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်က ပြည်သူတွေကလည်း ကျေးရွာတချို့မှာ စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်း ဒီနေ့ထွက်ခဲ့ပါတယ်။ မုဒုံမြို့က ဆန္ဒပြသူတွေကတော့ ဒီနေ့မနက်ပိုင်း အစောပိုင်းမှာ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ လက်တက်ကျေးရွာက ထိုင်တော်မူဘုရားမှာလည်း လူငယ်တွေက စတေကာ ကန်ပိန်းလုပ်ပြီး ဆန္ဒပြခဲ့ပါတယ်။ မုဒုံ-သံဖြူဇရပ် ကားလမ်းဘေး ရာဘာခြံတချို့က အပင်တွေမှာလည်း စစ်အာဏာရှင် ကန့်ကွက်တဲ့ ဆိုင်းဘုတ်တွေချိတ်ပြီး လူမဲ့သပိတ်လုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဒေသခံတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဒီနေ့ မနက်မှာ ရပ်ကွက်ဈေးတွေမှာ ဈေးသွား ဈေးလာတွေနဲ့အတူ ဈေးဝယ်သပိတ် လုပ်ခဲ့ပါတယ်။ ဈေးရောင်း၊ ဈေးဝယ် တွေက လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဟင်္သာတမြို့က ဦးပါရဲဘုရားအရှေ့ကွင်းပြင်နဲ့ စေတီတော်ရဲ့တံတိုင်းတွေပေါ်မှာလည်း စစ်အာဏာရှင် ကန့်ကွက်တဲ့ ဆိုင်းဘုတ်တွေကို ဒေသခံတွေက ချိတ်ပြီး လူမဲ့သပိတ်လုပ်ခဲ့ပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာရှင်ကန့်ကွက် ဆန္ဒပြတာတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ ညနေမှာလည်း အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူ တစ်ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ငါးဦးရှိပါတယ်။ သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေထဲက ၂၀ လောက် လည်း ဖမ်းဆီးခံလိုက်ရပါတယ်။ ကွန်ပျူတာတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားဟောင်းတွေနဲ့ လက်ရှိ တက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကလည်း စုပေါင်းပြီး ဒီနေ့မနက်က ဆိုင်ကယ်နဲ့ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်အာဏာရှင်အလိုမရှိကြောင်း လူမဲ့သပိတ် ဒီနေ့လုပ်ခဲ့ပါတယ်။
ဒီနေ့လုပ်တဲ့ လူမဲ့သပိတ်မှာ ဆန္ဒပြသူတွေက တောင်းဆိုချက်တွေကို ဗီနိုင်းတွေမှာ ရေးသားပြီး လမ်းပေါ်မှာ ချထားတာဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေက မြန်မာနိုင်ငံထဲမှာအပြင် ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေက မြန်မာနိုင်ငံသားတွေကလည်း ရောက်ရှိရာနိုင်ငံတွေမှာ မြန်မာနိုင်ငံက စစ်အာဏာရှင် ကန့်ကွက်ကြောင်း ဆန္ဒပြနေကြပါတယ်။ သြစတြေး လျနိုင်ငံ Sydney၊ Melbourne နဲ့ Brisbane စတဲ့မြို့တွေက မြန်မာကျောင်းသားတွေ ပြည်သူတွေက စစ်အာဏာသိမ်းတာ ဆန့်ကျင်ကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ကြိုဆိုကြောင်း ဒီနေ့ဆန္ဒပြခဲ့ပါတယ်။
မြန်မာနိုင်ငံက ဆန္ဒပြလူငယ်တွေကို သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေက ထောက်ပံ့ကူညီပေးမှာ ဖြစ်ကြောင်း ပြသလိုတာကြောင့် ဆန္ဒပြတာလို့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မဧပြီက ပြောပါတယ်။
ကိုရီယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပွဲ ကျင်းပခဲ့ပါတယ်။
စစ်အစိုးရ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတာတွေ နေရာအနှံ့မှာ ဆက်ရှိနေတဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်လာနေပါတယ်။ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်ဘက်က CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကရင်အမျိုးသား အစည်း အရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ သွားရောက်ခိုလှုံနေပါတယ်။
မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းက CDM လုပ်သွားတဲ့ ရဲတပ်သား ကျော်သူစိုးက အသက်အန္တရာယ် ကင်းနိုင်တဲ့ KNU နယ်မြေမှာ လာရှောင်တာလို့ ပြောပါတယ်။
"ရဲတပ်ဖွဲ့ဆိုတာနဲ့ အွန်လိုင်းပေါ် လက်သုံးချောင်းထောင်ကတည်းက သူတို့က ကျွန်တော်တို့ကို ဖမ်းပြီး၊ အသည်းအသန် လိုက်ဖမ်းပြီး၊ ကျွန်တော်တို့က ရှောင်ရတယ်။ ယူနီဖောင်းနဲ့ဆိုတော့ ကျွန်တော်တို့ ယူနီဖောင်းတွေချွတ် ကူညီပေးမယ့်သူတွေနဲ့ အသက် အန္တရာယ်ကင်းဝေးတဲ့ နေရာပေါ့ဗျာ လက်နက်ကိုင် တပ်ဖွဲ့ကို ပြန်ခုခံနိုင်တဲ့ KNU တပ်ဖွဲ့နေရာ လာရှောင်ရတာပေါဗျာ"
လက်ရှိ KNU ရဲ့ ထိမ်းချုပ်ဧရိယာ တစ်ခုမှာ အနယ်နယ် အရပ်ရပ်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးရှိနေတယ်လို့ CDM ရဲတွေက RFA ကို ပြောပါတယ်။
KNU နယ်မြေထဲ ထွက်ပြေးကြတဲ့ ရဲတွေထဲမှာ ဒုရဲအုပ်၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သားတွေ အမျိုးသမီး ရဲမေတစ်ဦးလည်း ပါဝင်တယ်လို့ KNU နယ်မြေရောက် CDM ရဲတွေက ပြောပါတယ်။
စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် ထိခိုက်သေဆုံးသူတွေ အများအပြားရှိလာနေပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ မနေ့ကအထိ ထိခိုက်သေဆုံးသူ ၈၅ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့သေဆုံးသူ ခြောက်ဦးနဲ့ဆိုရင် စုစုပေါင်း သေဆုံးသူ အနည်းဆုံး ၉၁ ဦး ရှိနေပါတယ်။ ဒီလို ထိခိုက်သေဆုံးတာတွေ ရှိလာတာကြောင့် ဆန္ဒပြတာတွေက ရပ်တန့်မသွားဘဲ ပုံစံတွေ ပြောင်းလာတာကို တွေ့ရပါတယ်။ ဒီရက်ပိုင်းတွေထဲမှာဆိုရင် ဆန္ဒပြသူတွေဟာ ညဘက်တွေမှာ လမ်းပေါ်တက်ပြီး ညသပိတ်ကို ဆင်နွဲလာတာနဲ့ လူမဲ့သပိတ်တွေကို ဆင်နွှဲလာတာတွေ ရှိလာပါတယ်။ အမေရိကန်နဲ့ ကုလမသဂ္ဂအဖွဲ့တွေကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားနဲ့ နိုင်ငံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။