လွတ်မြောက်နယ်မြေ စစ်သင်တန်းသစ်တခု စတင်

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.07

အကြမ်းဖက်စစ်ကောင်စီဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မယ့် သင်တန်းတခုကို နယ်ခြားဒေသ တနေရာမှာ ဒီကနေ့ စနေနေ့မနက် စတင်လိုက်ပြီဖြစ်ပါတယ်။ ဦးဆောင်သင်ကြားမယ့် သူကတော့ တပ်မ ၉၉ ဦးစီးအရာရှိဘဝကနေ အာဏာရှင်တွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦးပါ။

“အကုန်လုံး အဆင့်အတန်းခွဲခြားလို့ မရဘူး။ စည်းကမ်းသေဝပ်စွာ သွားရမယ်။ သက်ဆိုင်ရာ နေရာတွေမှာ လိုအပ်တဲ့သူတွေရဲ့ ခေါင်းဆောင်မှုအပိုင်းကို လက်ခံပြီးတော့၊ ခေါင်းဆောင်တွေ အနေနဲ့လဲ ခေါင်းဆောင်တွေဆိုပြီး မာန်တက်လို့မရဘူး။ အကုန်လုံး အတူတူ တိုက်ပွဲဝင်တယ်ဆိုတဲ့ ရဲဘော်ရဲဘက်စိတ် နဲ့ ဒီတိုက်ပွဲကြီးကို ရောက်အောင်သွားရမယ်။ မနက်ဖြန် စနေနေ့ မနက် ၅ နာရီကနေ ၇ နာရီအတွင်း တရားဝင်စပြီး တည်ထောင်တယ်လို့ ခံယူတယ်။ ကြိုတင်ပြင်ဆင်လာခဲ့တာတော့ ၁ လ လောက်တော့ ရှိလာပြီပေါ့။ မနက်ဖြန်စပြီး လိုအပ်တဲ့ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ ဆေးပညာ၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ပညာရော စတဲ့ နည်းပညာတွေ ပါလာသလို စက်မှုပိုင်းဆိုင်ရာတွေလဲ ပါလာမယ်။ လူ့ရဲ့အသိတရားနဲ့ပတ်သက်တဲ့ လူကိုလူလို တန်ဖိုးထားတတ်တဲ့ သင်တန်းတွေလဲ ပါလာမှာပေါ့၊ ဒါကတော့ ဒီဘက်မှာ ကိုယ့်နိုင်ငံကို တကယ်ကောင်းစားစေချင်တဲ့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့အဖွဲ့တွေ စုစည်းမိသွားပြီ။”

ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်ကလည်း ဒီလူငယ်တွေကို မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိက သင်ပေးဖို့လိုတယ်လို့ အကြံပြုပါတယ်။

“ကျနော်တို့ Gen Z တွေ နဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ ပေးနေတာရှိပါတယ်။ ဒီသင်တန်းတွေကို တပ်ကထွက်လာတဲ့ CDM အရာရှိတွေလဲ တတ်နိုင်တဲ့နေရာက ပူးပေါင်းဆောင်ရွက်ပေးနေတယ်။ အဓိကထား သင်ကြားပေးသင့်တာက ကြံ့ခိုင်ရေးတွေ၊ နည်းဗျူဟာတွေ ပေါ့။ အဓိကတော့ အကြမ်းဖက်စစ်တပ်ကို တိုက်တဲ့အချိန်မှာ လိုအပ်တာက မြို့ပြနဲ့ပတ်သက်တဲ့စစ်ဆင်ရေးကို အဓိကထား လုပ်စေချင်တယ်။ အကြမ်းဖက်စစ်တပ်ကကျတော့ တောတွင်းစစ်ဆင်ရေးကို အဓိက ကျွမ်းကျင်တယ်။ ကျနော်တို့ သူတို့ကို ထိုးနှက်ဖို့ကို မြို့ပြစစ်ဆင်ရေးနဲ့ပတ်သက်ပြီး များများ သင်ကြားပေးဖို့လိုတယ်။”

တိုက်ပွဲဝင်မယ့် လူငယ်တွေဟာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေထက် အရည်အချင်းမြင့်မားတာကို မြင်တွေ့ရတယ်လို့ ဗိုလ်မှူး ဟိန်းသော်ဦး က ပြောပါတယ်။

“အပြင်မှာ သူတို့သင်ကြတာတော့ ၃ လ ပေါ့၊ ဒီဘက်မှာ မတရားကြိုးစားတဲ့အတွက် ၁ လ အတွင်း သင်နိုင်တာပေါ့။ ဒီကလေးတွေက ပညာတတ်သလို ခံယူချက်တွေလဲကောင်းတော့ ပိုပြီးတော့မြန်မြန်သင်လာနိုင်တယ်၊ တော်တော်ကို ထူးချွန်တဲ့သူတွေ အများကြီး ပါလာတယ်၊ ကျနော်တို့ထက်တောင်မှ ပိုပြီး အသိဉာဏ်ကောင်းတဲ့သူတွေလဲ အများကြီး ပါလာတယ်။ ဒီ့အတွက်ကြောင့် အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ အခြေခံစစ်ပညာတွေ သင်ပေးလာနိုင်တယ်၊ ပြီးတော့မှ ဒီ့ထက်ပိုပြီးမြင့်တဲ့ စစ်နည်းဗျူဟာတွေ အများကြီး ပိုပြီးပြောလာနိုင်သလို သူတို့ response တွေကလည်း တော်တော်ကောင်းတာ ရတယ်။ တချို့ဆို စစ်နည်းဗျူဟာထဲမှာ ပါတဲ့ တချို့သဘောတရားတွေဆို ကိုယ်ကိုယ်တိုင် မတွေးမိတာတွေတောင်မှ သူတို့ေ တော်တော် ပြောလာနိုင်တယ်။ သူတို့အမြန်ဆုံး သင်ပေးနိုင်တာက ၁ လ ပေါ့။ ကြာလာလေ ပိုပြီးကောင်းလာတဲ့ အင်အားစုတွေ ဖြစ်လာမှာပါ။”

ဗိုလ်ကြီးလင်းထက်အောင်ကလည်း -

“အဓိကတော့ ဒီလူငယ်တွေက စိတ်ဓာတ်ခိုင်မာတယ်၊ သို့ပေမဲ့ စစ်ပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိဘူး။ စစ်တပ်ဖက်မှာကတော့ အခြေခံစစ်ပညာသင်တန်းကို ၄ လ ဝန်းကျင်ခန့် သင်ကြားကြတယ်။ ကျနော်တို့ကတော့ အမြန်ဆုံး တပ်မတော်တခုဖွဲ့စည်းဖို့ သင်ကြားတာဖြစ်လို့ အချိန်ကာလ နည်းချင်နည်းမယ်။ ဒါပေမဲ့ လူငယ်တွေက တတ်နိုင်သမျှ ကြိုးစားသင်ယူနေတယ်။ ဘာလို့လဲ ဆိုတော့ တချို့က ကျောင်းသားလူငယ်တွေ ရှိတယ်၊ မြို့ပေါ်မှာ စာသင်ရင်း နိုင်ငံ့ကိုချစ်စိတ်နဲ့ တော်လှန်ချင်စိတ်နဲ့ ရောက်လာတဲ့သူ ရှိတယ်။ စစ်အခြေခံ နဲ့ ပတ်သက်ပြီး အချိန်ကာလ တိုတောင်းပေမဲ့လဲ တိုက်တဲ့အခါ စိတ်ဓါတ်နဲ့ အဓိကထားပြီး အနိုင်ယူရမှာ။ စိတ်ဓါတ်နဲ့ အဓိကထားပြီး အခြေခံစစ်ပညာကို သင်ယူကြပါ။ အဲဒါဆိုရင် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးအောင်ပွဲတွေ ရပြီး နှိမ်နင်းနိုင်မှာပါ။ လူငယ်တွေအနေနဲ့ ကြိုးစားပြီးသင်ယူနေကြတယ်လို့လည်း သိရတယ်၊ သူတို့အောင်မြင်မှာပါ။”

ဒီကနေ့ စတင်မယ့် သင်တန်းကို တက်ရောက်မယ့် ကိုမြတ်သူဆိုသူကတော့ သူတို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေကို အခုမှကိုယ်တိုင်တွေ့မြင်ခံစားရပြီး အာဏာရှင်တွေကို ဖြုတ်ချဖို့ စိတ်ဓာတ်တွေလည်း တက်ကြွနေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်နေခဲ့ရစဉ်တုန်းက တိုင်းရင်းသားတွေရဲ့ ခံစားခဲ့ရတာတွေကို မယုံခဲ့ဘူး။ သူတို့ရဲ့ ဆိုက်ဝါး တွေကြားမှာဘဲ ကျနော်တို့က စစ်တပ်ကို အထင်ကြီးခဲ့တာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားဆိုတာ လက်နက်ကိုင်ပြီး ပုန်ကန်တယ်ဆိုတဲ့ အတွေးတွေဘဲ ကျနော်တို့ အရင်တုန်းကသိခဲ့တာ။ အခုဒီဘက်ကိုရောက်လာတော့ မအလဘက်က သူပုန်လို့ သတ်မှတ်ထားတဲ့ တိုင်းရင်းသားတွေက သူတို့ထက် စိတ်ဓာတ်ပိုင်းရော အားလုံးက အဆင့်အများကြီး သာတယ်။ သူတို့ နစ်နာဆုံးရှုံးမှုတွေ အများကြီးဘဲ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ လမ်းပန်းဆက်သွယ်မှု၊ ယဉ်ကျေးမှု၊ သူတို့ရဲ့ပညာရေး၊ စီးပွားရေး ဘာဆိုဘာမှ နားမလည်ဘဲ မှောင်ချခံထားရတာ။ တိုင်းရင်းသားတွေစိတ်က တကယ်ကို ရိုးသားတယ်၊ ဖြူစင်တယ်၊ လုံးဝ အဖြူထည်ကြီးနဲ့ ကျနော်တို့ကို ကြိုဆိုတယ်။ အဲလိုတွေ့လိုက်တိုင်း ကျနော်တို့မှာ အတော်ကြီးကို ခံစားရတယ်။"

ဒီကနေ့ စတင်မယ့် သင်တန်းသားဦးရေနဲ့ နေရာဒေသအပါအဝင် အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဘူးလို့ ဗိုလ်မှူး ဟိန်းသော်ဦး ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Dee
2021-05-09 00:21

အောင်မြင်ပါစေ

Anonymous
2021-05-09 02:00

I love federal army