နေပြည်တော်ဆွေးနွေးပွဲမတိုင်မီ SSPP တပ်စခန်းတွေကို မိုင်းရှူးမြို့နယ်ထဲက ထွက်ခွာခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းသုံးခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ထပ်မံပြောဆိုလာတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က RFA ကို ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေး‌နွေးစဥ် ဓါတ်ပုံ - SSSPP Info
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းသုံးခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ထပ်မံပြောဆိုလာတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က RFA ကို ပြောပါတယ်။
 
ဇူလိုင်လ ၁၄ ရက် မနေ့မနက် ၁၁ နာရီမှာ ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံချိန် အခုလိုပြောဆို ခဲ့တာလို့ ဗိုလ်မှူးစိုင်းဘုန်းဟန် က ပြောပါတယ်။
 
“နေပြည်တော်ဆွေးနွေးပွဲ မတိုင်ခင် ကျနော်တို့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ပြောတာပေါ့။ ခုနစ်ရက်အတွင်း အကြောင်းပြန်ပေးဖို့ ပြောသွားတယ်။ ဆုတ်မယ်၊ မဆုတ်ဘူးဆိုတာကတော့ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးပြီးမှပဲ သိရမှာပါ”
 
တွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ SSPP ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ-၁ စဝ်ခေတိုင်၊ ဒုတိယဥက္ကဋ္ဌ -၂ စဝ်ခွန်ဆိုင်တို့ ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
 
တွေ့ဆုံပွဲမှာ တပ်စခန်းဆုတ်ခွာပေးရေးအပြင် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ ဘက်က စုံစမ်းမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းဘုန်းဟန်က ဆက်ပြောပါတယ်။
 
“မူးယစ်ဆေးဝါးဖမ်းမိတာမှာပါတဲ့ တရားခံတစ်ယောက်ကို ခေါ်ထုတ်ပြတာပေါ့ဗျာ။ ပြီးတော့ သူတို့သယ်ခဲ့တယ်ဆိုတဲ့အိမ်ကို လက်ညှိုးထိုးပြခိုင်းတာပေါ့။ ဒါပေမဲ့ အိမ်မှာက ဘာမှမရှိပါဘူး။ ဘာမှမတွေ့ဘဲနဲ့ ပြန်သွားတာပေါ့။ အဲလောက်ပါပဲ”
 
SSPP နဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စအတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ ရသေးသလို စစ်ကောင်စီပြောခွင့်ရသူကို RFA က မေးမြန်းနေဆဲဖြစ်ပါတယ်။
 
စစ်ကောင်စီက လမ်းဖောက်လုပ်ရေးအကြောင်းပြချက်နဲ့ သံလွင်မြစ်တစ်ဖက်ကမ်း မော်ဖ ဒေသကိုသွားတဲ့ လွယ်နိုင်းနဲ့ မန်ဝိန်းကျေးရွာအနီးက SSPP တပ်စခန်းသုံးခုကို ဆုတ်ခွာပေးဖို့ ပြီးခဲ့တဲ့ဇွန်လကပင် တောင်းဆိုထားတာပါ။ SSPP ဘက်ကတော့ အဲဒီနေရာတွေဟာ စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်နေတာကြောင့် ဆုတ်ခွာပေးဖို့မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထား ပါတယ်။
 
ဒေသအတွင်း တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ အဲဒီစခန်းတွေဟာ SSPP ဌာနချုပ် လုံခြုံရေးနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကြား ဆက်သွယ်ရေးအတွက် အရေးပါတာကြောင့် SSPP ဘက်က ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ညှိနှိုင်းမှု အဆင်မပြေရင် စစ်ရေးအရ တင်းမာတဲ့ အခြေအနေတွေထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။
 
SSPP ဟာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA မှာတော့ ပါဝင်လက်မှတ်ရေးထိုး ထားတာ မရှိသေးပါဘူး။
 
စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားပေမယ့် အောက်ခြေမှာ တပ်စခန်းဆုတ်ခွာရေးကိစ္စတွေ မပြီးသေးတာကြောင့် နေပြည်တော်ငြိမ်းချမ်းရေး တွေ့ဆုံပွဲ တက်ရောက်ဖို့ မဖြစ် နိုင်သေးဘူးလို့ SSPP ဘက်က ပြောထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org