မြန်မာ့ပြဿနာ အဖြေရှာရေးမှာ သက်ဆိုင်သူအားလုံးက နိုင်ငံရေးအရ စိတ်ဆန္ဒရှိဖို့လိုတယ်လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က သြဂုတ် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာ့ပြဿနာကို သံတမန်ရေးအရ ဖြေရှင်းရေးမှာ အရှေ့တောင်အာရှနိုင်ငံတွေက သဘောထား ကွဲနေချိန်မှာ ပြောကြားတာပါ။
မြန်မာနိုင်ငံအခြေအနေက စိန်ခေါ်မှု ပြဿနာတွေရှိမြဲရှိနေတာ ကျွန်တော်တို့ အသိပါပဲ။ သက်ဆိုင်ရာအားလုံးက နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှသာ ဖြေရှင်းနိုင်မယ်ဆိုတာ သဘောပေါက်ရပါမယ်လို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ၅၆ နှစ်မြောက်နေ့မှာ အင်ဒိုနီးရှား သမ္မတက ပြောကြားတဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။ အာဆီယံဆိုတာ သင်္ဘောကြီး တစင်းဖြစ်ပြီး ဆက်လက်မောင်းနှင်ရမှာ ဖြစ်ပြီး ဒီသင်္ဘောပေါ်လိုက်ပါတဲ့ လူ သန်း ရာနဲ့ချီသူတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတာမို့ သင်္ဘောမနစ်နိုင်ဘူးလို့ ဥပမာပေး ပြောကြားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံ သဘာပတိတာဝန်ယူရပြီး ရှေ့လမှာ ကျင်းပမယ့် ထိပ်သီးညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပါမယ်။ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းမှာ ပြန်ပါဝင်လာဖို့ တိတ်တဆိတ် သံတမန်ရေးလို့ ခေါ်တွင်တဲ့အနေနဲ့ စစ်ကောင်စီနဲ့ အင်ဒိုနီးရှား စေ့စပ်ဆွေးနွေးနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။