မြန်မာအမျိုးသမီး လိင်အလုပ်သမတွေ ဘန်ကောက်မှာ ဖမ်းမိ


2016.06.08

ထိုင်းနိုင်ငံဘန်ကောက်မြို့က ကျော်ကြားတဲ့ အနှိပ်ခန်းတစ်ခုကို ပြည်ထဲရေးဌာနက အထူးအရာရှိတွေ မနေ့ညက ရုတ်တရက် ဝင်ရောက်စီးနင်းရာမှာ အသက်မပြည့်သေးတဲ့ လိင်အလုပ်သမတွေနဲ့အတူ ရဲနဲ့ အာဏာပိုင်တွေကို လာဘ်ငွေပေးထားတဲ့ စာရင်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တွေ့ရှိရတဲ့ လိင်အလုပ်သမ ၁၂၁ ယောက်ထဲက ၉ဝ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်ပြီး အများစုဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ပြည်နယ်ဒေသတွေကလို့ ဆိုပါတယ်။ သူတို့ထဲမှာ အသက် ၁၈ နှစ်အောက်တွေလည်း အများအပြားပါဝင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင်းက လိင်လုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်အသက်မွေးနေတဲ့ မြန်မာလိင်အလုပ်သမတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးရဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေကို ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ခုလိုရှင်းပြပါတယ်။

“တွန်းတွန်းတိုက်တိုက်နဲ့ ဟိုး..နှစ်ပေါင်းများစွာလုပ်လာတဲ့သူတွေနဲ့ ပူးပေါင်းပြီးမှ မြန်မာသံရုံးဆိုတာ ခုမှ ခြံအပြင်ကိုကျော်ထွက်တဲ့ လူတန်းစားတရပ် ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် မြန်မာနိုင်ငံ သား တွေကို စကားတောင်ဆက်ဆံပြီး ပြောတဲ့နေရာ မဟုတ်ဘူး။ နောက်ပြီးတော့ ထိုင်းနိုင်ငံထဲမှာ ပင်လယ်ငါးဖမ်း လုပ်ငန်းရော၊ ပင်လယ်အစားအစာတွေမှာရော၊ လိင်အလုပ်သမကိစ္စတွေမှာ၊ အတော် များများမှာပေါ့ ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ၊ အနှိပ်ခန်းတွေမှာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လူကုန်ကူးခံနေရပေမဲ့ အဲဒီကိစ္စရပ်တွေမှာနှိမ်နင်းဖို့က မြန်မာသံရုံးမှာ အလုပ်သမားသံအရာရှိတို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကအရာရှိတို့ ထားရှိဖို့ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်ထဲ က မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကို ကျနော်ပြောဖူးတယ်။ အကူအညီတောင်း ဖူးတယ်။ ချပြဖူးတယ်။ သူတို့က ဒီနေ့ဒီအချိန်ထိ အကောင် အထည်မဖော်နိုင်ဘူးဗျ။ တည့်တည့် ပြောရ လို့ရှိရင် လူကုန်ကူးမှုကိစ္စနဲ့ပတ်သက်လို့ဖြစ်စေ၊ လိင်အလုပ်သမ ကိစ္စနဲ့ပတ်သက်လို့ဖြစ်စေ မြန်မာ သံရုံးကို သွားမေးလို့ရှိရင် ဘာမှလည်း သိမှာမဟုတ်သလို ဘာမှလည်း မလုပ်တတ်ဘူး။ လုပ်လည်း မလုပ်ဖူးဘူးဗျ”

ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေနဲ့ အစိုးရသစ်လက်ထက်မှာ ထိုင်းနိုင်ငံတွင်းက မြန်မာလိင် အလုပ်သမတွေ၊ မတရားခိုင်းစေခံနေရသူတွေအရေးနဲ့ ပတ်သက်ပြီး မျှော်လင့်မိတဲ့ အခြေအနေကို အမျိုးသမီးရှေ့ဆောင်ရပ်ဝန်း အဖွဲ့ ရဲ့ ဒါရိုက်တာ လွေးအေးနန်းက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဦးရေက ခန့်မှန်းခြေ သုံးသန်းလောက်ရှိ တယ်ပေါ့ နော်။ သေ ချာပေါက်ကတော့ အဲဒီလိုမျိုး သူများတိုင်းပြည်ရောက်သွားပြီးတော့ သူများ တိုင်းပြည်မှာ ကျွန်ပြုနေရတဲ့အလုပ်မျိုး ဘယ်သူမှမလုပ်ချင်ဘူးလေ။ အရင်ကတည်းကတောက်လျှောက် ပဲ မြန်မာပြည်ရဲ့ ပြောင်းလဲမှုကို စောင့်ကြိုနေ ကြတယ်။ စောင့်မျှော်နေကြတယ်။ ပြောင်းလဲသွား ပြီဆိုလို့ရှိရင် ကိုယ့်တိုင်း ကိုယ့်ပြည်ပြန်ပြီးတော့ ကိုယ့်ဘာသာ ကိုယ် အေးအေးဆေးဆေး လုပ်ကိုင် စားသောက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအများကြီးရှိကြတယ်။ နောက် ပြီးတော့ ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ သွားတဲ့ခရီးစဉ်မှာ လည်း ဒေါ်အောင်ဆန်း စုကြည် က အလုပ်သမားတွေနဲ့တေ့ွ၊ သူတို့အတွက် ကတိပေးခဲ့တာပေါ့။ ကျမကတိ တစ်ခုပေးနိုင်တယ်။ အဲဒါကဘာလဲဆိုတော့ ခင်ဗျားတို့အတွက် အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့ ဟာမျိုးပေါ့။ အခုချိန် အခုကာလမှာဆိုရင်လည်း NLD သည် အစိုးရဖြစ်လာပြီ။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း လုပ်ပိုင်ခွင့်တွေ အများကြီးရှိလာပြီဆိုတော့ တိုင်းတပါး မှာရောက်ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့မျှော်လင့်ချက်ကို တစုံတရာအကောင် အထည်ဖော်ပေး မယ်လို့တော့ မျှော်လင့်တယ်ပေါ့နော်”

ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိ ၁ဝဝ ကျော်ဟာ ဒေသခံတွေအပါအဝင် နိုင်ငံခြားသားတွေ ပျော်ပါးရာ ဘန်ကောက်မြို့လယ်က “နတ်တရီ” အနှိပ်ခန်းကို အင်္ဂ ါနေ့ညနေက ရုတ်တရက်ဝင်ရောက် ရှာဖွေခဲ့ရာမှာ ရဲနဲ့ အာဏာပိုင်တချို့ကို ထိုင်းဘတ်ငွေ ၁၉ သန်း (အမေရိကန်ဒေါ်လာ ၅ သိန်း ၄ သောင်းနီးပါး) လာဘ်ငွေပေး ထားတဲ့ အထောက်အထား စာရွက်စာတန်းတွေကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။

ငွေစာရင်းစာအုပ်ထဲက စာရင်းဇယားတွေအရ ဘယ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဘယ်ရဲအရာရှိတွေကို လာဘ်ငွေနဲ့ နှုတ် ပိတ်ခတွေ ရခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်လို့ ဒေသဆိုင်ရာ ကာကွယ်ထိန်းကွပ်ရေးရုံးရဲ့ ညွန်ကြားရေးမှူး Ronnarong က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်ဖြစ်ပေမဲ့ နိုင်ငံအနှံ့အပြားမှာ ရှိနေပါတယ်။ အဲဒီလို တရားမဝင် လုပ်ကိုင်နေရတာကြောင့် အနှိပ်ခန်းပိုင်ရှင်တွေနဲ့ လိင်အလုပ်သမတွေဟာ ရဲတွေနဲ့ လူမိုက် ဂိုဏ်းတွေကို လာဘ်ငွေ မကြာခဏပေးနေရတာဖြစ်ပါတယ်။

အဲ့ဒီလို အန္တရာယ်များတဲ့ လိင်လုပ်ငန်းမှာ လုပ်ကိုင်နေရသူတွေအပါအဝင် မတရားခိုင်းစေခံနေရတဲ့ မြန်မာအလုပ် သမားတွေကိစ္စနဲ့ ပတ်သက်ပြီး မကြာခင် ထိုင်းနိုင်ငံကိုလာရောက်မယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ခရီးစဉ်အတွင်း တင်ပြအဖြေရှာသွားမယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။

“ ထိုင်းနိုင်ငံအတွင်းမှာ သန်းချီရှိနေတဲ့ အလုပ်သမားတွေရဲ့ပြဿနာတွေ၊ နောက်ပြီးတော့ တဖြည်းဖြည်း များပြားလာတဲ့ လူကုန်ကူးမှုကိစ္စတွေ၊ မနေ့ကလို ဖမ်းမိတဲ့အထဲမှာ မြန်မာလိင်အလုပ်သမား အများ ဆုံးဖြစ်နေတဲ့ ကိစ္စတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဂုဏ်သိက္ခာပါ ကျဆင်းစေတယ်။ ဒီကိစ္စတွေ ကို နှိမ်နင်းဖို့၊ ဖြေရှင်းပေးဖို့ အတွက် အစိုးရက ထိုင်းနိုင်ငံထဲမှာ ငါတို့မှာသံရုံးရှိပါတယ်၊ အလုပ် သမားဆိုင်ရာ လူတွေရှိပါတယ်ဆိုတာနဲ့ မလုံလောက်ဘူး။ ဒီလိုသန်းချီတဲ့ အလုပ်သမားကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ ကျွမ်းကျင်တဲ့ ရှေ့နေရှေ့ရပ်၊ ကျွမ်းကျင်တဲ့ ဘာသာစကားပြန် အစရှိသဖြင့် ထိုင်းနိုင်ငံ အနှံ့အပြားနေရာတွေမှာ ရုံးခွဲ သုံးလေးခုဖွင့်ပြီးတော့မှ ကျနော်တို့ ဖိနှိပ်ခံရတဲ့ ပြည်ပရောက် အလုပ်သမားတွေကိစ္စ သီးသန့်ဆိုတဲ့ပုံစံမျိုးနဲ့ လူအင်အားရော ငွေ အင်အားရောသုံးပြီး ဖြေရှင်းမှ အဆင်ပြေ မယ်ဆိုတဲ့ဟာမျိုးကိုတော့ ဒေါ်စုလာတဲ့အခါ တင်ပြခွင့်ရရင် တင်ပြမယ်လို့ စိတ်ကူးထား တယ်ဗျ”

ဘန်ကောက်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆန်နစ် မဟာသာဗွန်က အဲဒီတရားမဝင်လာဘ်ငွေတွေ ကိစ္စ ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခုဖွဲ့ပြီး တာဝန်ပေးထားပြီးပြီလို့ ပြောပါတယ်။ အဲဒီနယ်မြေထဲမှာ ဝင်ရောက် စစ်ဆေး ရှာဖွေခြင်းမပြုရသေးတဲ့ အနှိပ်ခန်း အတော်များများ ရှိနေပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။