နိုင်ငံတွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေသေးတဲ့အတွက် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာမှာ မြန်မာနိုင်ငံက အလှည့်ကျတာဝန်ယူမယ့် အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် PBS သတင်းဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အဲဒီနှစ်အတွက် အာဆီယံဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်နိုင်ငံက လက်ခံယူမှာဖြစ်ပြီး မြန်မာနိုင်ငံက နောက်တစ်နှစ် ၂၀၂၇ ခုနှစ်ကျမှ တာဝန်ယူမယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေနဲ့ အနာဂတ် မရေရာမှုတွေကို ဖော်ပြနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တိုးပွားလာနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်လို့ သတင်းက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကလည်း မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာနဲ့ ပြည်တွင်းပြဿနာတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရှောင်လွှဲခဲ့ပြီး လာအိုနိုင်ငံက အစားထိုး တာဝန်ယူခဲ့ရပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ အင်္ဂလိပ်အက္ခရာရှေ့စာလုံးအလိုက် အလှည့်ကျ တာဝန်ယူရတာဖြစ်ပါတယ်။ လာမဲ့ ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူမှာဖြစ်ပါတယ်။