မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ရင်းက စစ်သားတစ်ဦး ဇန်နဝါရီလ ၁၃ ရက် မနေ့က အရပ်ဝတ်နဲ့ ပြန်လာချိန်မှာ ပစ်သတ်ခံရတယ်လို့ တံတားဦးမြို့ခံတွေက ပြော ပါတယ်။
အရပ်ဝတ်နဲ့ သတင်းယူပြီး ပြန်အလာမှာ သေနတ်နဲ့ ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တံတားဦးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဆိုင်ကယ်နဲ့ နှစ်ယောက်စီးလာတဲ့အချိန် ပစ်ခံလိုက်ရတာ၊ အခုသေတဲ့သူက ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်လာရင်း မှန်တာ ရှေ့ကမောင်းတဲ့တစ်ယောက်ကတော့ လွတ်သွားတယ်၊ အခုဆုံးတဲ့သူက ဒုတပ်ကြပ်လို့ ကြားတယ်၊ ပစ်တဲ့သူတွေကတော့ လူငယ်တွေပဲ လွတ်သွားကြတယ်”
မြင်စိုင်းရွာနဲ့ အောင်သာယာရွာအကြား လမ်းပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဒီပစ်ခတ်မှုကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က လုပ်ခဲ့တာလို့ အဲဒီအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် မနေ့ကပဲ သတင်းထုတ်ပြန် ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
KDDF အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မန္တလေး - အမြန်လမ်း မိုင်တိုင် ၃၂၄ အနီးမှာ စစ်ကောင်စီယာဉ်တွေကို မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။