ကနီမြို့နယ်က ရွာသား ၁၅ ဦး သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုလို့ လူ့အခွင့်အရေးသမားတွေ ပြော

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021-07-13
Share

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းရွာနဲ့ ကုန်းသာရွာနားက တောထဲတစ်နေရာမှာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၅ လောင်းကို ဇူလိုင်လ ၁၁ နဲ့ ၁၂ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ရွာကိုရောက်လာလို့ ဒေသခံတွေဟာ တောထဲကို ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာကနေ လူ ၁၅ ဦး ဖမ်းဆီးခံရပြီးတဲ့နောက်၊ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရုပ်အလောင်းတွေမှာ ကြိုးတုပ်ပြီး နှိပ်စက်ခံထားရတဲ့လက္ခဏာတွေ အများအပြားတွေ့ရတယ်လို့ အသတ်ခံရသူတွေထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပါသွားသူတွေက သူနဲ့လည်း ညီအကို၊ ကျွန်တော်နဲ့လည်း ညီအကိုတွေပါပဲ။ မိသားစုဝင်တွေပါပဲ။ ချိုင့်ထဲမှာ ရှိတယ်ကြားလို့ သွားကြည့်တာ။ ကျွန်တေ့်ညီကို လှမ်းမြင်လိုက်ရတာမှာ ဝမ်းလျားမှောက်ရက်မှာ ခေါင်း က အပေါ်ဘက်က ခြေထောက်က အောက်ဘက်က ခြေထောက်မှာ ကြိုးတုပ်ထားတယ်။ နှိပ်စက်ထား တယ်လို့ ယူဆတယ်။ အဲဒီနားမှာလည်း ပွနေတာပဲ။ ဒရွတ်ဆွဲသွားထားတာတွေ့တယ်။ ခြေထောက်က ကြိုးတွေမှာလည်း နှစ်တောင်ထွာလောက် မျှောဆွဲချည်ထားတာ သင်္ဂြိုဟ်မှဖြတ်ခဲ့ရတယ်။ ဘယ်လိုမှ ကောက်မရသလို အန္တရာယ်ကြီးလို့ မီးနဲ့ပဲသင်္ဂြိုဟ်ခဲ့ရတယ်။ ဒီလို မကောင်းတဲ့မိစ္ဆာအဖွဲ့ကို လက်မခံ နိုင်တာအမှန်ပါပဲ။ ဒီလိုအခက်ခဲကြီးကို ရေရှည်ကြီး အကြာကြီးမထားဘဲ အမြန်ဆုံးဖြေရှင်းပေးကြပါလို့ ပြောချင်ပါတယ်”

သတ်ဖြတ်ခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၆၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး ယင်းရွာနဲ့ ကုန်းသာ ရွာ အနီးနားရွာက လူတချို့ပါတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေတစ်ယောက်ကို RFA ကမေးမြန်းခဲ့ရာမှာ အခုသတ်ဖြတ်မှုဟာ စစ်သားတွေရဲ့ လက်ချက် ဖြစ်ပေမယ့် ဖမ်းဆီးခံရမှာ ကြောက်တဲ့အတွက် သူ့အသံနဲ့ မဖြေလိုတဲ့အကြောင်း ပြောပါတယ်။

"အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက တကယ့်ကို ဘယ်လိုမှ လက်မခံနိုင်တဲ့အရာ ဖြစ်ပါတယ်။"

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အပေါ်  စစ်ဆင်ရေးအတွက် အဲဒီဒေသကို ဇူလိုင်လ ၈ ရက်နေ့က ရောက်ရှိလာကြတာလို့ သိရပါတယ်။ ဒါပေမဲ့ အခုသတ်ဖြတ်ခံရသူတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ စစ်သားတွေကိုကြောက်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ သာမန် အရပ်သားတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေအတွက် နာရေးကိုတော့ တစ်ဦးတစ်ယောက်ချင်း မလုပ်တော့ဘဲ တစ်ပတ်ပြည့်တဲ့ အခါမှသာ စုပေါင်းပြီး ရက်လည်ဆွမ်းသွပ်ဖို့ စီစဉ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ယင်းရွာသားတစ်ဦးကတော့ အခုလိုသတ်ဖြတ်ခံရမှုဟာ တစ်ခါမှမကြုံဖူးတဲ့ ရက်စက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအကြောင်းတွေပြောရင် ဘယ်လိုပြောလို့ပြောရမလဲ မသိဘူး။ ဝမ်းနည်းစရာကောင်းတယ်။ စစ်ကြောင်း တက်လာကတည်းက ပြဿနာမတက်ဖို့ အတတ်နိုင်ဆုံးပြောကြတာပေါ့။ ပြောနေတဲ့အထဲက ဖြစ်လာတာ က မြို့နယ်တောင်မဟုတ်ပါဘူး မြန်မာနိုင်ငံမှာ စံတစ်ခုအနေနဲ့ ဖြစ်သွားတာ။ အလောင်းတွေဆိုတာလည်း မိုးကာကြီးအုပ်ပြီးတော့ ထင်းပုံထပ်သလို ထပ်ထားတာ။ မျက်မြင်ပါပဲ။ အလောင်းတွေထဲမှာ မသင်္ကာစရာ ထောင်ချောက်တွေဆင်ပြီး နောက်ဆက်တွဲပြသနာတွေနဲ့ သေကြောင်းကြံထားတာတွေ့ရတယ်။ ရက်ရက် စက်စက်လုပ်တာ။ မကြုံဖူးဘူး၊ တော်တော်ဝမ်းနည်းစရာကောင်းတယ်”

ရွာမှာ ဖမ်းဆီးခံရသူအချို့ရှိပေမယ့် အရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲလို့လည်း အဲဒီရွာသားက ပြော ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေက ဆန်အိတ်တွေကိုဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင် သွားတာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံတွေဟာ စစ်သားတွေလာပြီဆိုရင် ရွာမှာမနေရဲတော့ဘဲ တောတွေထဲကို ထွက်ပြေးကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကနီဒေသဟာ စစ်အာဏာသိမ်းတာကို လက်မခံဘဲ စစ်ကောင်စီကို တူမီးသေနတ်နဲ့ ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတဲ့ဒေသဖြစ်ပြီး အခုအချိန်ထိ စစ်ဘေးရှောင်နေရသူ တစ်သောင်းဝန်းကျင်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

kani-weapon.jpg
(ကနီမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကို ဇူလိုင် ၅ ရက်နေ့က တွေ့ရစဥ်) Photo CJ

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် သတ်ဖြတ်မှုတွေက ဒီနေ့အထိရှိနေဆဲဆိုတာကို အခု ဒီသတ်ဖြတ်မှုက သက်သေပြနေတယ်လို့ လူ့အခွင့်အရေး သမားတွေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းက အင်းဒင်လူသတ်မှုအပါအဝင် ရိုဟင်ဂျာတွေကို အစုလိုက် အပြုံ လိုက်သတ်ဖြတ်တာတွေရှိခဲ့လို့ ကမ္ဘာကျော်ဖြစ်ခဲ့ရသလို၊ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ပွဲမှာလည်း ကျောက်တော် မြို့နယ် တင်းမရွာသား ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ဖျောက်ဖျက်တာတွေဖြစ်ခဲ့ပါတယ်။

ကနီမြို့နယ်ထဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ စစ်တပ်ရဲ့ လူသားတွေအပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်(AHRC)ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ် ပါတယ်။

“ဒီလိုမျိုးအစုလိုက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ကိစ္စတွေက ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေဒေသ တွေမှာလည်း ဟိုးအရင်တုန်းကလည်း ဖြစ်ဖူးပါတယ်ဗျ။ အဲလိုဖြစ်တဲ့ဥစ္စာတွေကို အချက်အလက်တွေ စုဆောင်းပြီးတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မှာလည်း ပြောခဲ့တာကလည်း နှစ်ပေါင်းမနည်း တော့ပါဘူး။ သို့သော်လည်းပဲ နိုင်ငံတကာရဲ့အရေးယူမှုက နှောင့်နှေးကြန့်ကြာနေတဲ့အခါကျတော့ လုပ် ဆောင်ရတဲ့အခက်အခဲတွေကြားထဲမှာ တရားမဝင်စစ်တပ်က လွတ်လပ်ခွင့်ရနေသလိုဖြစ်နေတာပေါ့ဗျာ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ဒီဖြစ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။

“အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက တကယ့်ကိုလူမဆန်တဲ့အရာဖြစ်ပါတယ်။ ထွက် ပြေးတဲ့သူတွေကို ပုန်းအောင်းတဲ့နေရာအထိ လိုက်ပြီးတော့ရှာတယ်၊ ရှာရုံတင်မကဘဲ အခုလိုမျိုး သတ် ဖြတ်တယ်။ သတ်ဖြတ်တာတောင်မှ တကယ့်ကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက တကယ့်ကို ဘယ်လို မှ လက်မခံနိုင်တဲ့အရာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ အရပ်သားပြည်သူတွေကို မထိခိုက်အောင်လုပ် ဆောင်ရမယ်။ သူတို့ကို အန္တရာယ်မပေးရဘူး။ အရပ်သားတွေကိုမပြောနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ် ယောက်က လက်နက်ချလာရင်တောင်မှ လူသားအဖြစ်ဆက်ဆံရမယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်တွေရှိပါ တယ်။ အဲတော့ ဒီလိုမျိုးလုပ်ဆောင်ချက်တွေက နိုင်ငံတကာစံချိန်တွေကိုလည်း ဂရုမစိုက်ဘူး။ ငါတို့ လုပ်ချင်တာလုပ်မယ်၊ လူဆိုတဲ့တန်ဖိုးကိုမထားဘဲနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ် အရမ်းကြမ်းတမ်းပြီး လုပ်ဆောင်နေတဲ့အရာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြင်းအထန်ရှုတ်ချပါတယ်။ တကယ့်ကို ကျွန်တော့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်”

ကနီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာန ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ကနီလို ကယားပြည်နယ် ဒီးမော့ဆိုစံပြရွာမှာလဲ အရပ်သား လေးယောက်ရဲ့ အလောင်းတွေ့ခဲ့တဲ့အကြောင်း RFA ကနေ မနေ့ကတင်ပြခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ အရပ်သားတွေကို ဒီနေ့ဖမ်းသွားပြီး နောက်နေ့မှာ အလောင်းလာယူခိုင်းတဲ့ဖြစ်ရပ်လဲ အနည်းဆုံး ၃၀ ရှိနေပါပြီ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့  ဇူလိုင်လ ၁၂ ရက် မနေ့က ထုတ်ပြန်ချက် အရ စစ်တပ်ကအာဏာသိမ်းပြီးနောက် သေဆုံးသူဟာ ၉၀၂ ဦးအထိရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ကတော့ ၅၂၀၃ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့