ကလေးမြို့ နတ်ချောင်းရွာမှာ စစ်တပ်ကပစ်လို့ လူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇန်နဝါရီ ၆ ရက်နေ့ မနေ့က စစ်ဘေးရှောင်ရာကနေ ရွာထဲပြန်လာတဲ့ နတ်ချောင်းရွာသားတွေကို စစ်ကောင်စီတပ်သားတွေက ရွာထဲဝင်ပြီး ပစ်ခတ်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နတ်ချောင်းဒေသခံတွေက ပြောပါတယ်။

"နတ်ချောင်းရွာမှာ အေးချမ်းပြီဆိုပြီးတော့ ပြန်ကြတာ၊ အဲဒါကို အကြမ်းဖက်စစ်ကောင်စီက ရုတ်တရက်ဝင်လာပြီးတော့ တွေ့ရာလူကို ရမ်းသမ်းပစ်ခတ်သွားတာ ၁၀ ဦးကျော် သေဆုံးခဲ့တယ်"

သေဆုံးသူတွေထဲမှာ ကိုအဲသား၊ ကိုငယ်လေးနဲ့ ကိုစိုးချစ်ကိုတို့ သုံးဦးရဲ့ အမည်ကိုသာသိရပြီး ရုပ်အလောင်း တွေကိုလည်း သယ်မရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မနေ့မှာပဲ နတ်ချောင်းရွာအပြင် ဟားခါးလေးရွာ၊ အင်းကျွန်းရွာတွေထဲက လူနေအိမ် ၁၀ လုံးနီးပါး မီးရှို့ခံ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ကလေးမြို့နဲ့ ချင်းပြည် နယ်စပ် ပါးမွန်းချောင်းရွားအနားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကလေး၊ ဂန့်ဂေါလမ်းကို အသွားအလာမလုပ်ဖို့ ကလေး PDF က သတိပေးထုတ်ပြန်ထားပါတယ်။