မေလ ပထမပတ်အတွင်း စစ်ကောင်စီက မီးရှို့သတ်ဖြတ်မှု ၈၅ မှု ကျူးလွန်ခဲ့ကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံမှာ အခုမေလ ပထမပတ် တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက ရွာတွေကို မီးရှို့တာ၊ လူတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တဲ့ အမှုပေါင်း ၈၅ မှုကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က မေလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒါဟာ မေလ ၁ ရက်နေ့ကနေ မေလ ၇ ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီကြောင့် လူ ၂၈ ဦး သေဆုံးခဲ့ရသလို ၂၆ ဦး အဖမ်းခံခဲ့ရတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ သတ်ဖြတ်၊ ဖမ်းဆီးမှုတွေအပြင် မီးရှို့ခံရတဲ့ ရွာပေါင်း ၃၁ ရွာ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းကတော့ ဖြစ်စဉ်အများဆုံးကြုံရတဲ့ ဒေသဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြော ခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေ ၃ နာရီလောက်အထိ အကြောင်းမပြန်ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နဲ့ မကွေးတိုင်း တွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ် တစ်ပတ်အတွင်းကလည်း စစ်ကောင်စီဟာ မီးရှို့၊ ဖမ်းဆီး၊ သတ်ဖြတ်မှုပေါင်း ၉၄ မှု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည် ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။