မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ အမေရိကန်မှာ ကျင်းပ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတွေနဲ့ပတ်သက်ပြီး မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာ သြဂုတ် ၂၆ ရက်က ကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က တာဝန်ရှိသူတွေ၊ အမေရိကန်နိုင်ငံ နဲ့ ကနေဒါနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူတွေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ နိုင်ငံတကာမှာရောက်နေတဲ့ ပြည်ပရောက်အင်အားစုတွေကို စုစည်းပြီး ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားသူတွေနဲ့အတူ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကွန်ရက်တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ညီလာခံကျင်းပရေးကော်မတီဝင် ကိုဇော်ဇော်က RFA ကို ပြောပါတယ်။

ဒီညီလာခံကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေး နဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဒီညီလာခံမှာ အဓိကထားဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။