ထိုင်းနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းနှစ်ခု အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးပြော

2019-10-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ၉ ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဝန်ကြီးအဆင့်အစည်းအဝေးကို  နေပြည်တော်မှာ ၂၀၁၉ အောက်တိုဘာ ၄ ရက်နေ့ကကျင်းပစဉ်
၉ ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဝန်ကြီးအဆင့်အစည်းအဝေးကို နေပြည်တော်မှာ ၂၀၁၉ အောက်တိုဘာ ၄ ရက်နေ့ကကျင်းပစဉ်
Photo: Thiha Tun/RFA

ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနဲ့ ထိုင်းတို့ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မယ်လို့ နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက သဘောတူခဲ့ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၉ ကြိမ်မြောက် မြန်မာ ထိုင်းပူးတွဲကော်မတီ ဝန်ကြီးအဆင့်အစည်းအဝေးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး He.Mr.Saksayam Chidchob (ဆာဆာယန်ချစ်က်ခေါ့) တို့ ဦးဆောင် တက်ရောက်လာပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ နှစ်လမ်းသွားလမ်းမကြီး စီမံကိန်း နှစ်ခုလံုံးကို တပြိုင်ထဲ အောင်မြင်အောင်လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

"ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် အောင်မြင်ဖို့အတွက် တော်ဝင်ထိုင်းအစိုးရ အကူအညီနဲ့ ဖောက်လုပ် မယ့် နှစ်လမ်းသွားလမ်းမကြီးစီမံကိန်းဟာ အရေးကြီးတယ်ဆိုတာကို ကျနော် အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းရော၊ နှစ်လမ်းသွားလမ်းမကြီး စီမံကိန်းရော နှစ်ခုစလံုံး တပြိုင်ထဲ အောင်မြင်အောင်လုပ်ဆောင်ဖို့ မြန်မာဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ “ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ-NEDA “ တို့ကို ကျနော် တိုက်တွန်းပါတယ်"

ထားဝယ်အထူးစီးပွားရေးဇုန် ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ဆိုရင် မြန်မာ-ထိုင်းနဲ့ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးဟာ အရေးကြီးတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထားဝယ်စီးပွားရေးဇုန် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာဘက်က အလွန်စိတ်အားထက်သန်တယ် လို့လည်းသူက  ဖြည့်စွက်ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး He.Mr.Saksayam Chidchob က ပထမဆုံးအဆင့်အနေနဲ့ လမ်းမကြီးဖောက်လုပ်ဖို့ ထိုင်းက အတိုးအနည်းငယ်နဲ့ ချေးပေးပြီး ဆောင်ရွက်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျွန်တော်တို့ ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံးစပြီးတော့ ပံ့ပိုးမှာကတော့ ထီးခီးဂိတ်ကနေပြီးတော့ ကျွန်တော်တို့ ရေနက်ဆိပ်ကမ်း လမ်းဝထိရောက်တဲ့ လမ်းပိုင်းဆိုင်ရာ ငွေပမာဏကို အတိုးအနည်းငယ်နဲ့ ချေးပေးပြီးတော့ တည်ဆောက်မှာဖြစ်ပါတယ်"

ဒီလုပ်ငန်းတည်ဆောက်ရေးကို ထိုင်းဘက်က မျှော်မှန်းခဲ့တာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တယ်လို့ ထိုင်းပို့ဆောင်ရေး ဝန်ကြီးက ဆိုပါတယ်။

စီမံကိန်းတည်နေရာနဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက် စတဲ့အကြောင်းအရင်းတွေကြောင့် ထားဝယ် စီးပွားရေးဇုန်ဟာ မျှော်မှန်းသလောက် ခရီးမပေါက်နိုင်သေးဘူးလို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဝန်ခံပါတယ်။

မြန်မာ အစိုးရနဲ့ အီတာလျံ- ထိုင်းကုမ္ပဏီတို့ ပူးပေါင်းပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းက သီလဝါ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေ စတင်ဆောင်ရွက်နေသလို ကျောက်ဖြူနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်တွေ မှာလည်း ရင်းနှီးမြှုပ်နှံသူတွေလာရောက်ဖို့ လိုအပ်တယ်လို့ ထားဝယ် အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကားလမ်းဖောက်လုပ်ရေးအတွက် လိုအပ်တဲ့ ချေးငွေကို ထိုင်းနိုင်ငံကနေရယူဖို့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ပြောပါတယ်။

လမ်းဖောက်လုပ်ရေးအတွက်  ထိုင်းနိုင်ငံ အစိုးရလက်အောက်ခံ ကုမ္ပဏီတစ်ခုက ချေးယူမယ့် ငွေပမာဏကတော့ ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။

လမ်းဖောက်လုပ်ဖို့ ဒေသခံတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ရှင်းလင်းခဲ့ပြီးဖြစ်သလို လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

အဲဒီ စက်မှုဇုန်အတွက် အဓိကလိုအပ်တဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေရယူပြီး မဟာဓာတ်အားလိုင်းစီမံကိန်းကို စတင်အကေင်အထည်ဖော်နေပြီဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ထားဝယ်စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံသူတွေကို နှစ်ဖက်လုံးက ဖိတ်ခေါ်ဖို့ သဘောတူနိုင်ခဲ့တယ်။

ဒီစီးပွားရေးဇုန်အတွက် ကနဦးစီမံကိန်းတွေအကောင်အထည်ဖော်ဖို့ အီတာလျံ ထိုင်းနိုင်ငံရဲ့ ငွေကြေးနဲ့သာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မကြာခင်မှာ မြန်မာဘက်က ဒုတိယသမ္မတနဲ့ ထိုင်းဘက်က ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး နှစ်ဖက်ပူးတွဲ ကော်မတီ အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်တစ်ခု၊ ထားဝယ် စီမံကိန်းနဲ့ ထိုင်းနိုင်ငံကြား နှစ်လမ်းသွားလမ်းမ၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ အသေးစားဆိပ်ခံတစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်။)
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့