ရောင်းစားခံ မြန်မာရေလုပ်သား ၁၅ ဦး ပြန်လည်ရောက်ရှိ


2015.05.09
myanmar-slave-workers-305 ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၅ ဦး မေလ ၉ ရက်နေ့ က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာစဉ်
Photo: Aung Ko Ko/RFA

အင်ဒိုနီးရှားနိုင်ငံ Benjina Island ဘန်ဂျီးနားကျွန်းမှာ ကျွန်အဖြစ်လုပ်ခလစာမရပဲ ရောင်းစားခံထားရ တဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၅၃၅ ဦးထဲက ၁၅ ဦးဟာ ဒီနေ့ ပထမဆုံးအသုတ်အဖြစ် ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီနေ့ ပြန်ရောက်သူတွေဟာ ထိုင်းငါးဖမ်းစက်လှေပေါ် မှာ အလုပ်လုပ်ခဲ့ကြရသူတွေဖြစ်ပြီး လူကုန်ကူးမှု ကျူးလွန်ခဲ့သူတွေကို ဥပဒေအရအရေးယူသွားမယ်လို့ အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူး ရဲဝင်းအောင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှာ ပြောပါတယ်။

"ဒီနေ့ရောက်လာတဲ့အုပ်စုက ဘန်ဂျီးနားကျွန်းမှာ ထိုင်းငါး ဖမ်းစက်လှေပေါ်မှာ လူကုန်ကူးခံရတဲ့ အဖွဲ့တွေဖြစ်တယ်၊ သူတို့ရဲ့အသက်အန္တရာယ်ဖြစ်မှာစိုးလို့ IOM  ကနေကယ်ပြီးတော့မှ ဂျကာတာမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းကိုပို့ ထားပြီးတော့မှ ဒီနေ့အထိကို ရှေ့ပြေးနေတဲ့ IOM နဲ့ မြန်မာသံရုံးအစီအစဉ်နဲ့ ဒီကိုပြန်ပို့ထားခြင်းဖြစ်တယ် ၅၃၅ ဦးပါ၊ လူကုန်ကူးခံရတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် သူတို့ပြန်ရောက်ရင် သူတို့နဲ့ပတ်သက်ပြီးတဲ့ဟာတွေကို လူကုန်ကူးမှုဥပဒေအရ အရေးယူပြီးတော့မှ ဖော်ထုတ်အရေးယူဆောင် ရွက်သွားမှာပါ"

ဒီနေ့ ပြန်လည်ရောက်လာသူ အလုပ်သမားတွေကို သူတို့ရဲ့မိသားစုဝင်တွေကလည်း လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာရုဖူရပင်လယ်ပြင် ဘန်ဂျီးနားကျွန်းက ကျေးရွာတစ်ရွာမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဟာ လူကုန်ကူးခံရပြီး ရောင်းစားခံထားရကြောင်း အေပီသတင်းဌာနက ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖော်ထုတ်ရေး သားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ ထိုင်းနဲ့ဒေသတွင်း နိုင်ငံတချို့က ရေလုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး လုပ်ခလစာမဲ့ အလုပ်လုပ်နေ ကြရတဲ့ အလုပ်သမားတွေရှိနေကြောင်း၊ အဲ့ဒီရေထွက်ကုန်တွေကို ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အမေရိ ကန်ပြည်ထောင်စုတို့ကို တင်ပို့နေတာဖြစ်ကြောင်းလည်း အေပီသတင်းက ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေတာဖြစ်ပြီး နောက်ကျန်နေသေးတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဘယ်တော့ရောက်လာမလဲ ဆိုတာကတော့မသိရသေးပါဘူး။

ဒီအကြောင်း RFA သတင်းထောက် ကိုအောင်ကိုကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။