မြန်မာအပေါ်အရေးယူရေးနဲ့ အကူအညီပေးရေး ဥပဒေ အမေရိကန်အောက်လွှတ်တော်အတည်ပြု


2019.09.25
us-capitol-622 အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အဆောက်အအုံ။
aoc.gov

တပ်မတော်တာဝန်ခံမှုရှိရေးနဲ့ မြန်မာနိုင်ငံညီညွတ်ရေး အပြင်းအထန်တိုက်တွန်းခြင်း ဥပဒေ လို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ Burma Unified through Rigorous Military Accountability Act (Burma Act of 2019) မြန်မာနိုင်ငံဥပဒေ ၂ဝ၁၉ ကို အမေရိကန်အောက်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ၄ဝ နဲ့ ရီပါပလစ်ကန်ပါတီကိုယ်စားလှယ် ၁၄ ဦး၊ စုစုပေါင်း အောက်လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦးက ပူးတွဲအဆိုတင်ခဲ့တာဖြစ်ပြီး ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၂၁ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အကူညီတွေ အကန့်အသတ်နဲ့သာပေးရေး၊ တခြား အကူအညီတွေ ထပ်မံပေးရေး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ အစီအစဉ်အများအပြားနဲ့ နည်းလမ်းတွေကို ခွင့်ပြုဆောင်ရွက်ရေးတွေ လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့သူ၊ သို့မဟုတ် ချိုးဖောက်ဖို့ အကူအညီပေးခဲ့သူ တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ အရာရှိဟောင်းတွေကို ပြစ်ဒဏ်ခတ် အရေးယူဖို့နဲ့၊ အဲဒီအရာရှိတွေ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ဆက်စပ်နေပြီး အဲဒီအရာရှိတွေကို ဘဏ္ဍာရေးအရ အကျိုးအမြတ် ကြီးကြီးမားမားပေးနေတဲ့ အဖွဲ့အစည်းတွေကိုပါ ပြစ်ဒဏ်ခတ် အရေးယူဖို့ ဒီဥပဒေက အမေရိကန်သမ္မတကို ခွင့်ပြုထားပါတယ်။ ပိတ်ဆို့အရေးယူမှုတွေထဲမှာ ပိုင်ဆိုင်မှု ထိန်းချုပ်ရေးနဲ့ အမေရိကန် ဗီဇာ ပိတ်ပင်ရေးတွေ ပါဝင်ပါတယ်။

ဒီဥပဒေအရ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ လူသားချင်းစာနာမှုအထောက်အကူ ပေးရေးလည်း ပါဝင်ပြီး မြန်မာ့တပ်မတော်က ပစ်မှတ်ထားခံရတဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ နေရပ်စွန့်ခွာရသူ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ အကူညီပေးရေးပါဝင်ပါတယ်။ ဒါ့အပြင် လက်ရှိဆောင်ရွက်ဆဲ သင်တန်း၊ သုတေသနနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေမှ အပ လုံခြုံရေးအရ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာကဏ္ဍနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေး အင်တာနက်စာမျက်နှာဖွင့် စာရင်းထားရှိတာကို ဆက်လက်ဆောင်ရွက်ဖို့၊ ရောင်းဝယ်ဖောက်ကားမှုတွေမှာ အဆင့်အဆင့် စံနှုန်းတွေနဲ့ ညီအောင် ထားရှိရေး၊ အမေရိကန်ကုမ္ပဏီတွေကို စံနှုန်းသတ်မှတ်ချက်တွေ လိုက်နာဖို့ တိုက်တွန်းရေး စတာတွေကိုလည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် (၁) မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်ယူမှုရှိရေး၊ (၂) မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ (၃) မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်ဆက်ဆံရေး မဟာဗျုဟာတစ်ခု ရရှိရေးတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက အမေရိကန်လွှတ်တော်ကို  အစီအရင်ခံရေးကိုလည်း ထည့်သွင်းထားပါတယ်။

ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမေရိကန်အောက်လွှတ်တော်မှာ မြန်မာနဲ့ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းလိုက်တဲ့ တချိန်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံကျင်းပနေတဲ့ နယူးယောက်မြို့မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော် လူသားချင်းစာနာမှု အကူညီပေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဒီအကူအညီဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင် ၉ သိန်းကျော်ခန့်အတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့ဖြစ်ပြီး ဒေသခံ ဘင်္ဂလားဒေ့ရှ်တွေအတွက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအကူအညီတွေထဲမှာ ပြည်တွင်းမှာရှိတဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း ပါဝင်ပြီး ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော် အကြား တိုက်ပွဲတွေကြောင့် ထိခိုက်နစ်နာရတဲ့ ဒေသခံတွေအတွက်လည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အတင်းအကြပ် ဖယ်ရှားခံရတဲ့သူတွေအနေနဲ့ မိမိဆန္ဒအလျောက် ပြန်လာနိုင်ဖို့အပါအဝင် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အရှည်တည်တံ့တဲ့၊ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် အခြေအနေတွေကို မြန်မာနိုင်ငံအနေနဲ့ ဖန်တီးပေးရေးကိုလည်း အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

(RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်း စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။