မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာသန်း ၅၀ ကျော် ပေးအပ်မယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ် ၁၀ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။
ဒီအကူအညီတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ အပါအဝင် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းက ထွက်ပြေးရသူတွေ (ဒါမှမဟုတ်) နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် မြန်မာပြည်သူ ၇ သိန်းကျော် အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ အသက်ရှင်ရပ်တည်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေးကိစ္စတွေအတွက် နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အမေရိကန်ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကူညီနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့ပြင် COVID-19 တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကို ဒေါ်လာ ၅ သန်း ကူညီမယ်လို့လည်း သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ်က ကြေညာပါတယ်။ ဒီအကူအညီဟာ COVID-19 ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံပြည်သူတွေအပေါ် ထိခိုက်နေတာကို သက်သာ လျော့ပါးစေမယ်လို့ ဆိုပါတယ်။
တခြား အလှူရှင်နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ ပေးကြဖို့လည်း သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ်က တိုက်တွန်းလိုက်ပါတယ်။
ဒီအကူအညီတွေကို မြန်မာပြည်သူတွေအတွက် ဘယ်ပုံဘယ်နည်း ပေးပို့သွားမလဲ ဆိုတဲ့ အသေးစိတ်ကို သိနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။