နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ စစ်ကိုင်းအလုပ်သမား သပိတ်ခေါင်းဆောင် ၁၅ ဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးရာ လုံခြုံရေးတင်းကျပ်ထားပြီး အော်ဟစ်ဆူပူတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်မရခဲ့သလို အလံမထောင်ဖို့ ကြွေးကြော်သံတွေ မအော်ဖို့ တားမြစ်ထားတယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။
“အရင်တစ်ပတ်ကတော့ ကျနော်တို့ လွတ်လွတ်လပ်လပ်တွေ့ခွင့်ရပေမယ့် ဒီတစ်ခေါက်လာတဲ့အခါကျတော့ အတားအဆီးတွေထားပြီးတော့ တရားရုံးထဲကို လုံးဝဝင်ခွင့်မပေးခဲ့ဘူး၊ တစ်ယောက်မှ ဝင်ခွင့်မပေးခဲ့ဘူး၊ ရုံးထုတ်တဲ့လူတွေလာရင် ဖွင့်ပေးမယ်လို့ ကျနော်တို့မျှော်လင့်ပေမယ့် တကယ်တမ်း ရုံးထုတ်တဲ့ကားတွေ ဒီမှာရောက်တဲ့အထိ နောက်ထပ်အကြာကြီးကို လုံးဝဖွင့်မပေးပါဘူး၊ ဖွင့်ပေးမယ်လို့ လာပြီးပြောတဲ့အခါ ကျတော့လည်း စည်းကမ်းချက်တွေ အမျိုးမျိုးလာပြီး သတ်မှတ်တယ်၊ အလံမထောင်ရတာတို့ ကြွေးကြော်သံ မတိုင်ရတာတို့ လူကိုလည်းကိုးယောက် တစ်သုတ်နဲ့ အဲ့လိုကန့်သတ်ချက်တွေနဲ့ ကျနော်တို့ကိုလာပြီးတော့ ဝင်တွေ့ခွင့်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလုပ်တယ်”
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က စစ်ကိုင်းကနေ နေပြည်တော်ကို လမ်းလျှောက်ဆန္ဒပြတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေကို နေပြည်တော်အဝင် တပ်ကုန်းမြို့အနီးမှာ ဖမ်းဆီးလိုက်ပြီး ရမည်းသင်းအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
တရားရုံးပရဝုဏ်ကို ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က လုံခြုံရေးယူထားပြီး အော်ဟစ်ဆူပူတာတွေ မလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။
တရားရုံးကို ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ ကျောင်းသားတွေ၊ ဝန်းရံသူတွေ ၃၀ လောက် လာရောက် ခဲ့ပြီး ဖမ်းခံထားရသူတွေကို လက်ထိပ်မခတ်ဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၆ ဦး၊ ကျောင်းသား ၅ ဦး၊ ဝန်းရံသူ ၄ဦး စုစုပေါင်း ၁၅ ဦးဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲဖို့ အမိန့်ပေးတာကို ဆန့်ကျင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ အမှုစစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ လာမယ့် ဇွန်လ ၂၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
