နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီမှာ အဖွဲ့ဝင်အဖြစ် မြန်မာပါဝင်ဖို့ ဆုံးဖြတ်

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ IACA ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဂတိလိုက်စားမှု အဆင့်သတ်မှတ်ချက် အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ အဲဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ကိုးဦးက ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ နိုင်ငံပေါင်း ၇၄ နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း လေးခု က IACA မှာ ပါဝင်လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။

NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ခန့်အပ်ပြီး အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ၂၀၁၉ ခုနှစ် ဇွန်လကုန်ပိုင်းအထိ တိုင်စာပေါင်း တစ်သောင်းခွဲကျော်ရှိခဲ့ပေမယ့် လက်တွေ့ အရေးယူနိုင်တဲ့အပိုင်းမှာ အားနည်းနေသေးတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ ၁၃၂ ဆင့်မှာရှိနေတာဟာ ဆိုးရွားတဲ့ အခြေအနေဆိုတာကို ပြနေတာလို့ လွှတ်တော် ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် တို့ ပေးပို့သည်)