ယူနန်ပြည်နယ် ပေါက်ချန်းခရိုင် မုံရှိန်မြို့ကနေ ငါးနာရီကျော်ကြာသွားရတဲ့ တောင်ကုန်းပေါ်က ကြံစိုက်ခင်းတစ်ခုမှာ မြန်မာအလုပ်သမား ၄၅ ယောက်ဟာ အစာရေစာ ပြတ်လတ်ပြီး ဒုက္ခရောက်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အဲလို ဒုက္ခရောက်နေသူတွေဟာ စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့က ဖြစ်ကြပြီး လူပွဲစားကတဆင့် တရုတ်ပြည်မှာ အလုပ်ရမှာဖြစ်ပြီး လုပ်ရမယ့် အလုပ်ဟာ ကြံခင်းတွေမှာ ကြံခုတ်ရမှာဖြစ်ပြီး အစားအသောက် အနေထိုင် အဆင်ပြေတယ်ဆိုပြီး ပြောဆိုခေါ်ဆောင်သွားပေမယ့် တကယ်ရောက်တဲ့နေရာဟာ သောက်ရေသောက်ဖို့တောင် မရှိဖြစ်တဲ့အတွက် အလုပ်သမား ၄၅ ယောက်ဟာ အကူအညီရဖို့ နီးစပ်ရာ ကူညီနိုင်မယ့် အဖွဲ့အစည်းတွေဆီကို သွားရောက်နေပြီလို့ အလုပ်သမားတွေကို မြန်မာနိုင်ငံကနေပီး ကူညီဆောင်ရွက်ပေးနေတဲ့ ယင်းမာပင်ခရိုင် လူငယ်ကိုယ်စားလှယ် ( ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ) ကိုဝင်းဇော်ခိုင် ပြောပါတယ်။
အလုပ်သမားတွေဟာ အစာရေစာ စားသောက်ရဖို့နဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုးစားနေကြတာဖြစ်ပြီး အလုပ်ရှင်က လိုက်လံတားဆီးနေတယ်လို့ အလုပ်သမားတွေက အခုလက်ရှိအခြေအနေကို RFA ကိုပြောပြပါတယ်။ အလုပ်သမားတွေဟာ အစားရေစာ မစားရတာ ၄ ရက်လောက် ရှိပြီလို့လည်း ပြောပါတယ်။
RFA လူငယ်တွေကို ဆက်သွယ်ရာမှာ ဗိုက်ဘာ တယ်လီဖုန်း အပ်ကို ဆက်သွယ်ရလို့ အခြေအနေကို အတည်ပြုလို့ ပြောဆိုလို့ရပေမယ့် ဆက်သွယ်ရေးနည်းပညာ အခက်အခဲကြောင့် သူတို့ရဲ့ ပြောကြားချက်တွေကိုတော့ ထည့်သွင်းနိုင်ခြင်း မရှိပါဘူး။
အခုအချိန်မှာ အလုပ်သမားတွေဟာ တရုတ်ပြည်ရဲ့ ရဲစခန်းတစ်ခုခုကို သွားရောက်ဖို့ ကြိုးစားနေတာကို အလုပ်ရှင်ဘက်က လိုက်လံတားဆီးတာ ခံနေရတယ်လို့လည်း အလုပ်သမားတွေက သူတို့ရဲ့ နောက်ဆုံး အခြေအနေကို ပြောပြပါတယ်။ RFA က အလုပ်သမားတွေကို ထပ်မံဆက်လက်ဆက်သွယ်နေပေမယ့် အခုချိန်မှာတော့ ဆက်သွယ်မှု မရရှိတော့ပါဘူး။
အခုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးက လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းကို RFA က ဆက်သွယ်တဲ့အခါမှာ နိုင်ငံတော် အတိုင်ပင်ခံ လမ်းကြောင်းနဲ့ ပါရှိတဲ့အတွက် မအားသေးလို့ ဖုန်းပြောဆိုလို့ မရသေးဘူး ဆိုပြီး ပြန်လည်ပြောဆိုပါတယ်။
အခုလက်ရှိ နောက်ဆုံးအခြေအနေထိ RFA က စုံစမ်းရတာကတော့ အခုအချိန်မှာ အလုပ်သမားတွေဟာ နှစ်နိုင်ငံဘက်က သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အမြန်တွေ့ဆုံလိုပြီး အကူအညီတောင်းခံလိုနေပေမယ့် ဘယ်အဖွဲ့အစည်းကမှ ကူညီဆက်သွယ်မှု မရသေးဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။
