ထိုင်းရောက် မြန်မာ အလုပ်သမားတွေ သြင်္ကန် အိမ်ပြန်ဖို့ ခွင့်ရက် ၂ဝ ပေး


2017.03.10
myanmar-workers-thai-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို သြင်္ကန်ကာလမှာ မြန်မာနိုင်ငံကို ပြန်ဖို့ ထိုင်းအစိုးရက ခွင့်ရက် ၂၀ ခွင့်ပြုပေးလိုက်ပါတယ်။

အလုပ်ရုံတွေက ရက် ၂၀ ပိတ်တာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ထိုင်းအစိုးရဘက်က ခွင့်ပြုတာဖြစ် တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"ရက် ၂၀ အလုပ်က ခွင့်ပေးတာမဟုတ်ပါဘူး။ အလုပ်ရုံတွေက သူ့ပိတ်ရက်တွေရှိပြီးသားပါ။ ၃ ရက် ပိတ်တဲ့ရုံရှိမယ်။ ၅ ရက်ပိတ်တဲ့ရုံရှိမယ်။ တပတ်ပိတ်တဲ့ရုံရှိမယ်။ ဒါကတော့ သူ့အလုပ်ရုံ အလုပ်ရုံနဲ့ ဆိုင်တယ်။ ရက် ၂၀ ဆိုတာက မြန်မာပြည်ကို ပန်းရောင်ဘတ်သမားတွေ အခါတိုင်းလို အထောက် အထားတွေ ထုတ်စရာမလိုဘဲ ပြန်ခွင့်ပေးတာပါ။ ၁၀ ရက်ကနေ လကုန် ၃၀ ရက်အတွင်းကို ပြန်မယ်။ ရက် ၂၀ အတွင်းကို ဆင်းသွားရမယ်။ ရက် ၂၀ အတွင်းကို ပြန်တက်လာရမယ်။ အဲ့ဒါကို ပေးထားတာ ပါ။ အလုပ်ရုံတွေက ရက် ၂၀ ပိတ်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။"

အရင်နှစ်တွေက သြင်္ကန်ကာလအတွင်း မြန်မာနိုင်ငံကိုပြန်ရင် အလုပ်ရှင်ရဲ့ ထောက်ခံစာ၊ မိမိနေထိုင်တဲ့ မြို့နယ် အလုပ်သမားရုံးရဲ့ ထောက်ခဲ့စာတွေရပြီးမှသာ ပြန်လို့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဧပြီ ၁၀ ရက်ကနေ ၃၀ ရက်အတွင်း အဲ့ဒီထောက်ခံစာတွေမလိုဘဲ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိက ထိုင်းအလုပ်သမားရုံးကို တင်ပြခဲ့တဲ့အတွက် ခွင့်ပြုချက်ရလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီလိုခွင့်ပြုကြောင်းကို တရားဝင်အမိန့်ကြေညာစာ မထွက်သေးဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံကို ပြန်မယ့် အလုပ်သမားတွေကတော့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ပန်းရောင်ကတ်နဲ့ ပူးတွဲပါရှိတဲ့ စာရွက်စာတမ်းတွေကိုတော့ ယူဆောင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။