မြောက်ဦး ရှေးဟောင်းဒေသကို အီတလီ ငွေကြေးထာက်ပံ့မည်


2017.03.10
mrauku-pagoda-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့က အံတော်သိမ်ဘုရားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းလက်ရာတွေကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်အောင် ကြိုးပမ်းရာမှာ လိုအပ်တဲ့ ငွေကြေးဆိုင်ရာ အကူအညီ တွေပေးဖို့ အီတလီနိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီးကိုယ်တိုင် ယူနက်စကိုအဖွဲ့တာဝန်ရှိသူတွေနဲ့ မြောက်ဦးမြို့ ကို ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်လေ့လာပြီး အခုလိုကမ်းလှမ်းခဲ့တာလို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

"အီတလီသံအမတ်က ၇ ရက်နေ့ကလာပါတယ်။ အဓိကလာတာကတော့ မြောက်ဦးကအမွေအနှစ် ထိန်းသိမ်းရေးတွေကို ငွေလှူချင်လို့ပါ။ ကျမတို့အနေနဲ့ မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းပြီး သူတို့လာလှူတဲ့ငွေကို နှစ်ရှည်အနေနဲ့ ထိန်းသိမ်းပါမယ်။ ယူနက်စကိုအဖွဲ့ကတော့ နည်းပညာနဲ့ပတ်သက်ပြီးအကူအညီပေးမယ် လေ့လာသွားတဲ့အချက်တွေကို အထက်ကိုတင်ပြပြီး ညှိနှိုင်းမယ်လို့ ပြောသွားပါတယ်။"

အီတလီနိုင်ငံအနေနဲ့ ငွေကြေးဘယ်လောက်အတိုင်းအတာအထိ ကူညီပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သံအမတ်ကြီးနဲ့အတူ လိုက်ပါလာတဲ့ ယူနက်စကိုအဖွဲ့တာဝန်ရှိသူတွေက မြောက်ဦးရှေးဟောင်း လက်ရာတွေကို ထိန်းသိမ်းဖို့အတွက် နည်းပညာအကူအညီတွေ ပေးဖို့သဘောတူခဲ့သလို မြောက်ဦး နန်းတော်ကုန်းနဲ့ လောင် ပွန်းမြောက်စေတီမှာရှိတဲ့ ရှေးဟောင်းစဉ့်ထည်လက်ရာတွေကို အလေးထားထိန်းသိမ်းဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းလက်ရာတွေကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းသွင်းနိုင်ဖို့ အတွက် ယူနက်စကိုအဖွဲ့တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေစတင်ကာ မြောက်ဦးမြို့ကို လာရောက်လေ့လာမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။