တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်ကိုသုံးပြီး မြိတ်မြို့မှာ မြေကွက်ရောင်းချနေသူ ၁၁ ဦးကို ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။
စာရွက်စာတမ်းအတုတွေနဲ့ မြေကွက်ရောင်းချသူတွေထဲက ၁ ဦးကို မိထားပြီး ကျန်တဲ့ ၁၀ ယောက်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"မြိတ်မြို့မရဲစခန်း (ပ)၇၂၇/ ၂ဝ၁၆ ပြစ်မှုပုဒ်မကတော့ ၄၂ဝ/၄၆၈ နဲ့ခင်ဗျ၊ လိမ်လည်မှုတွေပေါ့ဗျာ စာရွက်စာတမ်းအတု၊ လိမ်လည်ပြုလုပ်မှု အတုပြုလုပ်မှု"
မြေကွက်ရောင်းချနေသူတွေဟာ မြိတ်မြို့နယ်မှာ လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ ဖွဲ့စည်းပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အိုးအိမ်မဲ့တွေအတွက် အိမ်ရာဖော် ဆောင်ပေးဖို့စီစဉ်နေတာကို အကြောင်းပြုပြီး မြေကွက်တွေ ရောင်းချနေတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းအစိုးရရဲ့ အစီအစဉ်အရ အိုးအိမ်အပိုင်မရှိသူတွေအတွက် မြေကွက် ချပေးမှာမဟုတ်ဘဲ တန်ဖိုးနည်းအိမ်ယာတွေ ဖော်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
"အစိုးရအဖွဲ့ရဲ့ အစည်းအဝေးကြီးကို တင်ပြီးတော့မှ မြေယာနဲ့ပတ်သက်တာလုပ်ရတာ၊ ဒီလိုမျိုး ကိုယ်တစ်ယောက်တည်း သဘောဆန္ဒနဲ့ အရင်အစိုးရလိုမျိုး ဘယ်သူ့မြေကို ဘယ်သူ့ကိုပေးလိုက် ဆိုတဲ့ဟာမျိုး လုံးဝလုံးဝမလုပ်ပါဘူး၊ ကျမ လုပ်လို့လည်းမရပါဘူး၊ မြေပေးဖို့တော့ သိပ်ပြီးတော့ အစီအစဉ်မရှိပါဘူး၊ တန်ဖိုးနည်းအိမ်ယာပဲ ဆောက်ဖို့အစီအစဉ်ရှိတာပေါ့"
မြေကွက်ရောင်းချသူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း NLD ပါတီရဲ့ ညွှန်ကြားချက်နဲ့ မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည်ကို အလွဲသုံးစားပြုပြီး ဂုဏ်သိက္ခာကျ ဆင်းစေတဲ့အတွက် ပုဒ်မ ၅၀၀ နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားတယ်လို့ မြိတ်မြို့နယ် အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး မြိတ်မြို့ကုန်းဖောက်ရပ်ကွက်နဲ့ တောထွတ်ကြီးရပ်ကွက်တွေမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ NLD ပါတီက ဆင်းရဲသားတွေအတွက် မြေယာဖော်ဆောင်ပေးနေတယ်ဆိုပြီး လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ က မြေတစ်ကွက်ကို ငွေကျပ် ၈သောင်း၊ ကျပ် ၅သောင်း စတဲ့နှုန်းတွေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။
အဲဒီကော်မတီဟာ မြေကွက် ၃ထောင်ကျော်ရိုက်ထားပြီး မြေကွက် ၁၈၀၀ ကျော် ရောင်းချထားတာဖြစ်ပါတယ်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီ စတဲ့ မြို့နယ်တွေက လာရောက်ဝယ်ယူကြသူတွေများပါတယ်။
အဲဒီမြေကွက်ရိုက် ရောင်းချရာမှာ ပါဝင်တဲ့ ကော်မတီဝင် ဦးအောင်သန်းဆိုသူကို ငွေကျပ် သိန်း ၁၆၀ ကျော်နဲ့ ဖမ်းဆီးရမိထားပြီး နောက်ထပ်ကော်မတီဝင် ၃ ဦးရဲ့ ဘဏ်စာအုပ်တွေထဲက ငွေကျပ် သိန်း ၃၀၀ ကို ထပ်မံစစ်ဆေးတွေ့ရှိထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အန်အယ်လ်ဒီပါတီနာမည်ကို အသုံးပြုပြီး မြေကွက်ရောင်းချနေသူ ၁၁ ဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအန်အယ်လ်ဒီပါတီရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အန်အယ်လ်ဒီက ပုဒ်မ ၅ဝဝ နဲ့ တရားစွဲဆိုပေးဖို့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားပါတယ်။
အဲ့ဒီလို ဦးတိုက်လျှောက်ထားတာနဲ့ပတ်သက်ပြီး မြိတ်မြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင်ကော်မတီဝင် ဦးမြတ်ကို ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။