ဝန်ကြီးချုပ်နဲ့NLD နာမည်သုံး မြေရောင်းချသူ ၁၂ ဦးကို မြိတ်မှာ ဖမ်းဆီး
2016.07.17

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်သုံးပြီး မြိတ်မြို့မှာ မြေကွက်ရောင်းချနေသူ အားလုံးကို ဖမ်းဆီးထားပြီး ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။
မြေကွက်လိမ်လည်ရောင်းချနေတဲ့သူ ၁၂ယောက်ကိုဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ အားလုံးပေါင်း ၁၂ ယောက် မိထားပါပြီခင်ဗျာ၊ ၄၂ဝ၊ ၄၆၈ နဲ့ပါခင်ဗျာ၊ ပထမ အရင်ဆုံး ၃ ယောက်ကတော့ ၇ ရက်နေ့ကခင်ဗျ၊ နောက် ၉ ယောက်က နောက်ပိုင်းကျမှဖမ်းတယ်ခင်ဗျ၊ လက်ရှိမှာတော့ အမှုစစ်ဆေးဆဲကာလဖြစ်တယ်ဆိုတော့ စိစစ်လို့ပေါ်ရင်ပေါ်သလိုပဲ ကျနော်တို့ လက်ရှိဆောင်ရွက်နေပါတယ်"
မြေကွက်ရောင်းချနေသူတွေဟာ မြိတ်မြို့နယ်မှာ လူမှုအထောက်အကူပြု အကျိုးဆောင်ကော်မတီ ဖွဲ့စည်းပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အိုးအိမ်မဲ့တွေအတွက် အိမ်ရာ ဖော်ဆောင်ပေးဖို့စီစဉ်နေတာကို အကြောင်းပြုပြီး မြေကွက်တွေ ရောင်းချနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး မြိတ်မြို့ကုန်းဖောက်ရပ်ကွက်နဲ့ တောထွတ်ကြီးရပ်ကွက်တွေမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နဲ့ NLD ပါတီက ဆင်းရဲသားတွေအတွက် မြေယာဖော်ဆောင်ပေးနေတယ်ဆိုပြီး လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ က မြေတစ်ကွက်ကို ငွေကျပ် ၈သောင်း၊ ကျပ် ၅သောင်း စတဲ့နှုန်းတွေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။
အဲဒီကော်မတီဟာ မြေကွက် ၃ထောင်ကျော်ရိုက်ထားပြီး မြေကွက် ၁၈၀၀ ကျော် ရောင်းချထား တာဖြစ်ပါတယ်။ မြေကွက်ရောင်းချသူတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်း NLD ပါတီရဲ့ ညွှန်ကြားချက်နဲ့ မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားပြုပြီး ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် ပုဒ်မ ၅၀၀ နဲ့ တရားရုံးကို ဦးတိုက် လျှောက်ထားပါတယ်။