မြင်းမူမြို့နယ် ရွာသာလေးရွာ စီးနင်းခံရပြီး အရပ်သားလေးဦး သေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က အိမ်ခြေ ငါးဆယ်ကျော်ရှိတဲ့ ရွာသာလေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက် မနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားလေးဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် သုံးဆယ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် လေးဆယ်နဲ့ ငါးဆယ်ကြား အမျိုးသား သုံးဦးတို့ ဖြစ်ပါ တယ်။ သူတို့ဟာ မြင်းမူမြို့နယ်ရဲ့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲကနေ ထွက်ပြေး တိမ်းရှောင်လာကြသူတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဧရာဝတီမြစ်ကိုဖြတ်ပြီး မြင်းမူနယ်ဘက်ကို စစ်ဘေးရှောင်ကြတာ။ အဲလိုရှောင်နေတုန်း မြင်းမူမြို့နယ်ဘက်က စစ်ကြောင်းက ဒီကလူတွေ စစ်ဘေးရှောင်နေတဲ့ ရွာသာလေးရွာကို ဝင်ရောက်ပစ်ခတ်လို့ စစ်ဘေးရှောင် လေးဦးသေဆုံးတယ်။ နှစ်ဦးဒဏ်ရာရတယ်”

သေဆုံးသူတွေမှာ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်းပြောပါတယ်။

အင်အား လေးဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ရွာသာလေးရွာက နေအိမ် သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီ စစ်ကြောင်းဟာ ရွာသာလေးရွာကနေ ပြန်ထွက်ပြီး လက်ရှိမှာ ဝမ်းပြည့်ရွာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မြင်းမူမြို့နယ်ရဲ့ ဧရာ၀တီမြစ်တစ်ဘက်ကမ်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာလည်း စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေပြီး ဩဂုတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ရေလယ်သောင်ရွာက အသက် ခြောက်ဆယ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတချို့ကလည်း ဧရာ၀တီမြစ်ကို ကူးဖြတ်ပြီး မြင်းမူမြို့နယ်ထဲကို တိမ်းရှောင်နေကြတာပါ။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

အရပ်သားတွေ သေဆုံးရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်နဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးတို့ကို RFA က ဒီနေ့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၃၉၂၇ ဦးအထိ ရှိလာနေပါတယ်။