မန္တလေးတိုင်း၊ မြင်းခြံမြို့ ဘုရားလမ်းထိပ်မှာ ဒီနေ့ ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေနတ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် လမ်းပေါ်မှာ အကင်ရောင်းတဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်တွေက အမည်မသိအဖွဲ့ကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ရင်း အချက် ၃၀ လောက်အထိ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဗုံးတော်တော် ပြင်းပြင်းထန်ထန် ပေါက်ကွဲသံကြားတယ်ပေါ့နော်။ ပြီးတော့ မကြာဘူး အဲဒီနောက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ ကောင်မလေးတစ်ယောက် ထိခိုက်တယ်။ ကောင်မလေးကလည်း အဲဒီနားမှာ အကင်ရောင်းတဲ့ကောင်မလေး”
ဗုံးပေါက်ကွဲခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မှူးမှူးဆိုတဲ့အကင်ဆိုင်က အသက် ၂၇ နှစ်ဝန်းကျင်အရွယ် အကင်ရောင်းသူအမျိုးသမီးကို ထိမှန်ခဲ့တာဖြစ်ပြီး ကျည်ဆန်ထိမှန်တာ ဟုတ် မဟုတ်ကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေဟာ မြင်းခြံကားဝင်း၊ အမှတ် ၆၊ အမှတ် ၁၆၊ အမှတ် ၁၃ နဲ့ ဈေးအနီးနားတွေမှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြသလို မြင်းခြံပြောင်းပြာ တံတားထိပ်မှာလည်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။