မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီနေ့ည ၇ နာရီအချိန်ထိ စစ်ကောင်စီက ပစ်ခတ်နေပြီး သေဆုံးသူ တစ်ယောက်ရှိတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်က ကိုကျော်ရဲနိုင် (၂၃ နှစ်) ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာ လူငယ်တစ်ယာက်ကို ဖမ်းတယ်၊ ဖမ်းလို့မရတာနဲ့ သေနတ်နဲ့ ပစ်ဖမ်းတာ၊ ပစ်ပြီးတော့ မသေမရှင်ဖြစ်နေတဲ့သူကို နောက်ပြန်ကြိုးတုပ်ပြီး ထောင်ကြီးရှေ့ကို ဆွဲခေါ်သွားပြီး နှိပ်စက်သတ်ဖြတ်လိုက်တာ၊ အခုထိအလောင်းမရသေးဘူး" လို့ အဲ့ဒီမျက်မြင်တွေ့သူက ပြောပါတယ်။
ကိုကျော်ရဲနိုင် (၂၃ နှစ်) ပစ်သတ်ခံရတာကို မကျေနပ်လို့ ရပ်ကွက်နေပြည်သူတွေဟာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက် ခံတပ်တွင်းကနေ ဒီညနေပိုင်းမှာ ဆန္ဒပြနေကြပြီး အဲဒီဆန္ဒပြနေတဲ့ ခံတပ်ထဲကို စစ်ကောင်စီဘက်က လှမ်းပစ်နေတယ်လို့ RFA က ဖုန်းနဲ့ ဒီည ၇ နာရီအချိန်မှာ ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံက ပြောပါတယ်။
ထပ်မံရရှိတဲ့သတင်းတွေအရ မြင်းခြံမြို့မှာ မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုအတွင်း ဆီးခုံမှာ ဒဏ်ရာရရှိတဲ့ လူနာတစ်ဦးလည်း ဆေးကုသံမှုခံယူနေစဥ်၊ ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့က ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်လို့ တစ်နိုင်ငံလုံးမှာ သေဆုံးရသူ ၇၂၀ ကျော်ရှိပြီဖြစ်ပြီးတော့ မြင်းခြံမှာ ၂၃ ယောက်ရှိသွားပါပြီ။