မြစ်ကြီးနားမှာ လေယာဥ်လက်မှတ်ခနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်
2024.09.02
စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေး ကားလမ်းပိတ်နေတာ နှစ်ပတ်ကျော် ရှိလာတဲ့အတွက် မြစ်ကြီးနာမြို့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို မြစ်ကြီးနား-ရန်ကုန် လေယာဥ်လက်မှတ်ခတွေပါ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂ ရက် ဒီနေ့မှာ ပြောပါတယ်။
မန္တလေးဘက်ကနေ အဓိကတင်ပို့တဲ့ ခရမ်းချဥ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ ကုန်စိမ်းတွေ ဈေးတက်နေသလို ကားလမ်းတွေ ပိတ်နေတာကြောင့် လေယာဥ်လက်မှတ်ခပါ ဈေးတက်သွားပြီး ဝယ်လို့မရတဲ့ အခြေအနေအထိ ကြုံနေရတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကားလမ်းပိတ်ပြီးကတည်းက ဒီမှာက ကြက်ဥတစ်လုံးကို တစ်ထောင်၊ ၁၂၀၀၊ အဲဒီလောက် ဖြစ်သွားတယ်။ ခရမ်းချဥ်သီး တစ်ပိဿာဆိုရင် နှစ်သောင်းဖြစ်နေပြီ။ ကားလမ်းကနေလည်း သွားလို့ လာလို့မရတော့ လေယာဥ်ကိုပဲ အလုအယက် ဝယ်နေကြတာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း ရန်ကုန်ဆင်းဖို့ လက်မှတ်ဝယ်တာ နောက်လ ၂၀ ရက်နေ့မှ ရတယ်။ လက်မှတ်ခကလည်း ခုနစ်သိန်းနီးပါးအထိ ဖြစ်နေပြီ”
မန္တလေး-မြစ်ကြီးနား ကားလမ်းမပိတ်ခင်က မြစ်ကြီးနားမြို့ပေါ်မှာ ကြက်သုံးလုံးကို တစ်ထောင်ခန့်၊ ခရမ်းချဥ်သီးတစ်ပိဿာ ငါးထောင်ခန့်နဲ့ လေယာဥ်လက်မှတ်ခက ငါးသိန်းခန့် ဈေးပေါက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
သြဂုတ် ၁၆ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မြစ်ကြီးနား-မန္တလေး ကားလမ်းပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့အတွက် စက်သုံးဆီနဲ့ ကုန်စိမ်းတွေကို မြစ်ကြီးနား-မန္တလေး ကားလမ်းကနေ အဓိကတင်ပို့နေတာဖြစ်လို့ ကားလမ်းပိတ်ပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံနေရတာပါ။
ဒီအခြေနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။