ဒေသခံတိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုကြီးမားစေမယ့် မြစ်ဆုံရေကာတာ၊ သံလွင်ရေ ကာတာနဲ့ ကျောက်မီးသွေးလျှပ်စစ်စီမံကိန်းတွေကို လုံးဝမဆောင်ရွက်ဖို့ အရပ်ဖက်လူမှုအဖွဲ့ ၃၀၀ ကျော်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အရင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ မြစ်ဆုံစီမံကိန်းဆိုရင် စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး စစ်ဆေးပေမယ့် တွေ့ရှိချက်တွေ ကို အခုချိန်အထိ ချပြတာမရှိသေးဘဲ မြစ်ဆုံကို ဆက်လုပ်မယ်ဆိုရင် လုံးဝသဘောတူမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA က ကိုထူးအောင်က ဒီနေ့ ပြောပါတယ်။
"အစကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေပြီးတော့ မြစ်ဆုံကိစ္စဆိုလို့ရှိရင် စာချုပ်အတိုင်း ဘယ်လိုလုပ် ထားလဲဆိုတာ ပြည်သူလူထုကို ချပြမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ချမပြသေးဘူး။ ကုမ္ပဏီတွေ၊ တရုတ်တွေ၊ လုပ်တဲ့ကုမ္ပဏီတွေက ပြန်ပြီးတော့ ပြန်လုပ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတာ ကျနော်တို့ဘက်က သိထား တယ်ပေါ့နော်။ စုံစမ်းစစ်ဆေးရေးရဲ့ အချက်လက်တွေ မချပြသေးဘဲ ဒီလိုမျိုး ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ MATA အနေနဲ့ လုံးဝသဘောမတူဘူးပေါ့နော်"
အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေကိုလည်း အများပြည်သူသိအောင် ဆောင်ရွက်ဖို့၊ လက်ရှိ ရှိနေပြီးသား ဆည်ကြီးတွေကို ပြုပြင်ထိန်းသိမ်းပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့ ပြန်ပြည့်မြဲစွမ်းအင်ကို ဦးစားပေးပြီး နိုင်ငံတကာနဲ့ ပြည်တွင်းရင်းနှီးမြုပ်နှံမှုတွေကို အမြန်ဆုံးဖော်ဆောင်ဖို့ တောင်းဆိုကြပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်ဖို့အတွက် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတန်းမှာပါတဲ့အတိုင်း နေရောင်ခြည် စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ အသေးစားလျှပ်စစ် စတာတွေကနေ စွမ်းအင်ထုတ်နိုင်မယ့် မူဝါဒတွေ အမြန်ဆုံး အကောင်ထည်ဖော်ဖို့လည်း တောင်းဆိုချက်မှာ ပါရှိပါတယ်။
အဲဒီတောင်းဆိုချက်ကို မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ အရပ်ဖက်အဖွဲ့ ၃ ရာကျော်ရဲ့ ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားတာဖြစ်ပါတယ်။
