မြစ်ဆုံဆည်စီမံကိန်း ငလျင်အန္တရာယ်ရှိနိုင်ကြောင်း ပညာရှင်ပြောကြား
ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်မှာ တည်ရှိနေ တဲ့အတွက် ငလျင်အန္တရာယ်နဲ့ ကြုံတွေ့နိုင်တာမို့ လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောက်လုပ်သင့်၊ မသင့် စဉ်းစားဖို့လိုအပ်ကြောင်း ဘူမိဗေဒပညာ ရှင်ဒေါက်တာချစ်ကိုကိုက ပြောလိုက်ပါတယ်။
-
2015-12-05 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်မှာ တည်ရှိနေတဲ့အတွက် ငလျင်အန္တရာယ်နဲ့ ကြုံတွေ့နိုင်တာမို့ လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောက်လုပ်သင့်၊ မသင့် စဉ်းစားဖို့လိုအပ်ကြောင်း ဘူမိဗေဒပညာရှင်ဒေါက်တာချစ်ကိုကိုက ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ UMFCCI ကုန်သည်စက်မှုလုပ်ငန်းရှင်ကြီးများအသင်းမှာ ကျင်းပတဲ့ ဟောပြောပွဲ မှာ သြစတေးလျနိုင်ငံက ရောက်ရှိနေတဲ့ ဘူမိဗေဒအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောခဲ့တာပါ။
"နောက်တက်လာတဲ့အစိုးရအနေနဲ့ ဒီဥစ္စာကို ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး၊ အဲ့ဒီတော့ ပထမ သမ္မတတောင်မှပဲ ဒီဥစ္စာကို ရပ်ထားဖို့ဆုံးဖြတ်တဲ့ကိစ္စမှာ နောက်တက်လာမယ့်အစိုးရလည်း အလွယ်တကူ ဒီဟာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မထင်ပါဘူး၊ အသိဉာဏ်ရှိရှိနဲ့ ပညာရှင်တွေနဲ့ အသေအချာလေ့လာ ပြီးတော့မှ လုပ်သင့်မလုပ်သင့်ကို တွက်ဆပြီးလုပ်ကြမှာဖြစ်ပါတယ်၊ ကျနော်အနေနဲ့ ဒီဆည်ကြီးကို ဆောက်ဖို့ မဆောက်ဖို့ထက်ကို ဒီဆည်ကြီးဆောက်ဖို့အတွက်ကို ဘာတွေအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို ကျနော် မီးမောင်းထိုးပြချင်တာပါ၊ အဲ့ဒီအန္တရာယ်တွေ ထိုးပြပြီးတဲ့အခါကျရင် ဒီအန္တရာယ်တွေနဲ့ ကျနော်တို့ရရှိလာမယ့် ရရှိလာမယ့်အကျိုးအမြတ်က ကာမိရဲ့လားပေါ့၊ အဲ့ဒီဟာကို တွက်ချက်ဖို့က ပညာရှင်မျိုးစုံပါဝင်တဲ့လူတွေ ကနေပြီးတော့ သေသေချာချာ ဒီဥစ္စာကြီးကို အချိန်ယူပြီးတော့ လေ့လာဆန်းစစ်ဖို့လိုပါတယ်"
မြစ်ဆုံဆည်တည်ဆောက်မယ်ဆိုရင် သူ့ရဲ့ အရွယ်အစားဟာ အမြင့် ၁၃၉ မီတာရှိတာကြောင့် ဆည်ကြီးစာရင်း ဝင်တဲ့အတွက် သူ့ရဲ့ အရွယ်အစားရဲ့မြေပေါ်သက်ရောက်မှုကြောင့် ငလျှင်လှုပ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ ယူဆနိုင်ကြောင်း ပြောပါတယ်။
တည်နေရာဟာလည်း စစ်ကိုင်းပြတ်ရွေ့ကြောအတွင်းမှာ တည်ရှိတာကြောင့် ငလျင်အန္တရာယ် သေချာပေါက်ရှိနိုင် တယ်လို့လည်း ပြောပါတယ်။
ဒေါက်တာချစ်ကိုကိုဟာ ရန်ကုန်တက္ကသိုလ်ကနေ ဘူမိဗေဒပညာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး သြစတေးလျနိုင်ငံ New South Wales တက္ကသိုလ်ကနေ ဘူဗိအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါတယ်။
ဘူမိဗေဒအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။