မြစ်ဆုံစီမံကိန်း KDP ကန့်ကွက်
2019.01.30
ဧရာဝတီမြစ်ဟာ ကချင်ပြည်သူလူထုအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက် အရေးပါတဲ့အတွက် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုံးဝ လက်မခံနိုင်တဲ့အကြောင်း KDP ကချင်ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရေကာတာအရွယ်အစားကို လျှော့ချမလား၊ နေရာကိုရွှေ့မလား၊ တရုတ်ကုမ္ပဏီက တခြားစီမံကိန်းတခုနဲ့ အစားထိုးပေးမလားဆိုပြီး ရွေးချယ်စရာတွေရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း နေပြည်တော်မှာ ကျင်းပတဲ့ Invest Myanmar 2019 သတင်းစာရှင်းလင်းပွဲမှာ မနေ့ကပြောကြားတာကို KDP ဥက္ကဋ္ဌက တုံ့ပြန်လိုက်တာပါ။
ဧရာဝတီမြစ်ဟာ ကချင်ပြည်နယ်ရဲ့ ဒဏ္ဍာရီ၊ သမိုင်းနဲ့ အမွေအနှစ်ဖြစ်ပြီး မြန်မာပြည်သူလူထု တရပ်လုံးကလည်း သူတို့နဲ့ သက်ဆိုင်တယ်လို့ ခံယူထားတဲ့အတွက် မြစ်ဆုံရေကာတာ စီမံကိန်းကို လက်မခံနိုင်တာလို့လည်း ဆိုပါတယ်။
ဧရာဝတီမြစ်ဆုံရေကာတာကို အကောင်အထည်ဖော်နေတဲ့ တရုတ် ACHC ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီလီမိတက်ဟာ ဒေသခံတွေကို အထောက်အပံ့တွေပေးပြီး စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ စည်းရုံးနေပါတယ်။









